၃၂ ကောဌာသတရားဆိုတာ

အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ဒကာမကြီးရေ တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။ အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။ မှန်ပါတယ် အလွန်မွန်မြတ်သော တရားပါ ဦးဇင်းတို့ တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တက်မက်မှုတရားတွေ ဖြစ်ပါတယ် ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် ဆရာတော်ဦးသြသဓ
Showing posts with label ဆုံးမစကား. Show all posts
Showing posts with label ဆုံးမစကား. Show all posts

Monday, August 12, 2013

အိမ်ထောင်ရေးဖောက်ပြန်ခြင်း

ကိုယ်.ကအိမ်ထောင်ရေးဖောက်ပြန်ခြင်း လူမှု.ရေးမလိုက်နာခြင်း
စသည်.တစ်စုံတစ်ရာ အပြစ်မရှိပဲ ဘာသာရေးကြောင်.ဆိုတဲ.အပြစ်ဖန်
တီးပီးပစ်ထားခံရတဲ. လင်ငုတ်တုတ် မုဆိုးမဘ၀ရောက်ခဲ.ကြတဲ.
မြန်မာအမျိုးသ္မီးလေးတွေ ဒုနဲ.ဒေးပဲ ဒါတွေကို အမျိုးစောင်.ဥပဒေ
မှလွဲပြီး မည်သည်. ဥပဒေကမှကာကွယ်နိုင်မည်မဟုတ်။
=====================================

“ဘာသာမတူသော်လည်း လူမှုရေးတော့ နားလည်သင့်တယ်”
*******************************************
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာ၌၊ ဒေါ်စိုးစိုးလွင် အသက် (၃၆) နှစ်၏ ဖြစ်ရပ်မှန် အတွေ့အကြုံလေးပါ။
ဒေါ်စိုးစိုးလွင်၏ ဖခင်အမည်က ဦးတင်ငွေ (ကန့်ဘလူ)ပါ။ မူဆလင်အစစ်ပါ။ အမိအမည်က ဒေါ်ခင်ပြုံး (ကောလင်း) ဇာတိပါ၊ ဗမာ/ဗုဒ္ဓ ဖြစ်ပါတယ်။ ဒေါ်ခင်းပြုံးက ဦးတင်ငွေနှင့် လက်ထပ်သောအခါ အစ္စလာမ်ဘာသာ ခံယူပါတယ်။
သားသမီးတွေရသည့်အခါမှာတော့ ဒေါ်ခင်းပြုံးက ဗုဒ္ဓဘာသာကို ပြန်လည်ကိုးကွယ်ပါတယ်။
ဦးတင်ငွေက မကြိုက်သော်လည်း မတားမြစ်ခဲ့ပါဘူး။ ဤသို့ဖြင့် သားဖြစ်သူက ဗုဒ္ဓဘာသာ၊ သမီးအကြီးဖြစ်သူက အစ္စလာမ်ဘာသာဝင်နှင့် အသီးသီး အိမ်ထောင်ကျသွားပါသည်။
အငယ်ဆုံး မစိုးစိုးလွင် ဗမာ/ဗုဒ္ဓ နှင့် အိမ်ထောင်ကျသွားသည့်အခါ ဦးတင်ငွေက ဒေါ်ခင်ပြုံးကို ကွာရှင်းပစ်လိုက်ပါတယ်။ ဘုရားသွားကျောင်းတက်သည့်အခါ ကလေးတွေကိုခေါ်သွားသောကြောင့် ဘာသာခြားနဲ့ ညားရတယ်ဆိုပြီး စိတ်ဆိုးကွာလိုက်တာပါ။ သမီးဖြစ်သူ မစိုးစိုးလွင်ကိုလည်း အိမ်မှနှင်ချလိုက်ပါတော့တယ်။
မစိုးစိုးလွင်က ကိုမျိုးတင့် ဇာတိဖြစ်သော အလ္လကပ္ပရွာသို့ ပြောင်းရွှေ့နေထိုင်ကာ ဗုဒ္ဓဘာသာခံယူလိုက်ပါတော့တယ်။ ဒီလိုနဲ့ မိခင်ကော ဖခင်ပါ ကွယ်လွန်သွားခဲ့ပါပြီ။ မိခင်ကွယ်လွန်စဉ်မှာ ပြုစုခွင့်ရခဲ့သော်လည်း၊ ဖခင်ကွယ်လွန်သည့်အခါ အသုဘကိုတောင် လိုက်ပါပို့ဆောင်ခွင့် မရခဲ့ပါ။ ဖခင်၏ဆွေမျိုးများက ကန့်ကွက်သောကြောင့် ကန့်ဘလူးသို့ပင် သွားခွင့်မရခဲ့ပါ။
ယခုဆိုလျှင် ဖခင်ကြီး ဆုံးသွားသည်မှာ (၂) နှစ်ပင် ပြည့်ခဲ့ပါပြီ။ သားလေး စိုင်းဝဏ္ဏသည်ပင် အသက် (၉) နှစ် ပြည့်ခဲ့ပါပြီ။ ဒေါ်စိုးစိုးလွင်ဟာ ရွာသူရွာသားများထက် သီလမြဲပြီး ဝါတွင်းဖြစ်စေ ဝါပတ်ဖြစ်စေ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်လေ့ရှိသောကြောင့် ရွာသူ/သားများက ကျွန်မကို လေးစားကြပါသည်။ သူမသည် စာရင်းငှားအလုပ်လုပ်ပြီး သူမခင်ပွန်းက ဖျာရက်ပါသည်။ ဖခင်နှင့် သမီးပင်ဖြစ်သော်လည်း၊ ဘာသာမတူရုံမျှဖြင့် ဖခင်၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့်မရခဲ့စဉ်က လွန်စွာထိုက်ခိုက် ခံစားခဲ့ရကြောင်း မျက်ရည်စက်လက်ဖြင့် ရင်ဖွင့်ရှာပါသည်။
ကမ္ဘာသူ ကမ္ဘာသားအားလုံး လွတ်လပ်စွာကိုးကွယ်ခွင့်ရကြပါစေ
သားသမီးအခွင့်အရေး၊ လူ့အခွင့်အရေး၊ အိမ်ရှင်မ အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး အပြည့်အဝ ရရှိကြပါစေ။

ဒုက္ခသစ္စာ


ငါ့သျှင်တို့..
ဒုက္ခဖြစ်သော အရိယသစ္စာ ဟူသည်…
ဖြစ်ပွါးခြင်း’ဇာတိ’သည်လည်း ဒုက္ခတည်း၊
အိုမင်းခြင်း ‘ဇရာ’သည်လည်း ဒုက္ခတည်း၊
သေခြင်း ‘မရဏ’သည်လည်း ဒုက္ခတည်း၊
ပူဆွေးခြင်း ‘သောက’
ငိုကြွေးခြင်း ‘ပရိဒေဝ’
ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’
စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’
ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’
တို့သည်လည်း ဒုက္ခတို့တည်း၊
အလိုရှိသော အရာကို
မရခြင်းသည်လည်း ဒုက္ခတည်း၊
အကျဉ်းအားဖြင့် စွဲယူအပ်သော
ခန္ဓာငါးပါးတို့သည်လည်း ဒုက္ခတို့တည်း…

Friday, August 2, 2013

တရားအားမထုတ်မီ ဆောင် ရွက် ရန်

Photo

ပုဗ္ဗကိစ္စ ခေါ် ပရိကံ (၅) ချက်။

၁။ ခန္ဓာလှူရန်။

ဤခန္ဓာကိုယ် အတ္တဘောကြီးကို အရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လှူဒါန်းပါ၏အရှင်ဘုရား။ဤခန္ဓာကိုယ် အတ္တဘောကြီးကို သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားကောင်းတို့ဖြင့် မဂ်ဆိုက်၊ ဖိုလ်ဝင် နိဗ္ဗာန်မြင်အောင် သွန်သင်ဆုံးမ ပေးတော်မူသော ဆရာသမားများအား လှူဒါန်းပါ၏ အရှင်ဘုရား။

၂။ဝန်ချတောင်းပန် ရန်။

တပည့်တော်သည် မိုက်မဲတွေဝေခဲ့သည့်အလျောက် မိဘ၊ ဆရာသမား၊ ပုဂ္ဂိုလ်သူမြတ်တို့အား ကံသုံးပါးဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းအကျိုးငှာ တောင်းပန်ဝန်ချကန်တော့ပါ၏။
(ရှိခိုးတောင်းပန် ကန်တော့ရပါမည်။)

၃။မေတ္တာပို့ရန်။

ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို.စောင့်နတ်၊သာသနာစောင့်နတ်များနှင့်တကွ ရှိရှိသမျှ သက်ရှိသတ္တ၀ါ တို့အား အသက်ထက်ဆုံး ဘေးမသီရန်မခ၍ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါစေလို့ မေတ္တာပို့ရမှာ ဖြစ်ပါသည်။

၎။အဓိဋ္ဌာန်ပြုရန်။

ရှေးရှေးဘ၀ ယခုဘ၀ ပြုပြုသမျှ တပည့်တော်၏ ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုတို့သည် တပည့်တော် အလိုရှိ တောင့်တအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်း၊ ရောက်ခြင်းငှာ လျှင်မြန်စွာ ကျေးဇူးပြုပါစေဟု အဓိဋ္ဌာန် ပြုရမည် ဖြစ်ပါသည်။

၅။ မရဏံနုဿတိ ပွားများရန်။

ငါသည် ဘ၀များစွာက ခန္ဓာပျက်ကြွေ သေခဲ့ရသည့် ဘ၀တွေ များလှပေပြီ။
(ငါသည် မုချသေရမည်… အချိန်ပိုင်းသာ လိုတော့သည်… ယခုဘ၀ အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစားအားထုတ်ပါမည် အရှင်ဘုရား) ဟု အားထုတ်မှု အရှိန်ပြင်းထန်လာအောင် မိမိကိုယ်ကို တိုက်တွန်းရပါမည်။

ဓမ္မလမ်း ၀ိပဿနာသင်တန်း
မှ ကူးယူဖော်ပြပါသည်။
မဟာကံ့ကော်မြိုင် ဆရာတော်ဦးသြသဓ

Saturday, May 18, 2013

"ဆရာ-ဒကာ ဆက်ဆံရေး…"



ဆရာဆိုတာ ဘုရားသားတော်တွေဖြစ်တဲသံဃာကိုပြောတာပါ။
ဒကာဆိုတာက လူပုဂ္ဂိုလ်တွေကိုဆိုလိုပါတယ်။
ဆရာက တရားရှာသူတွေဖြစ်တယ်။
တရားရှာရမှာလည်း အစားမစားပဲရှာလို့မရပါ။
ဒါကြောင့်အစားဟာလိုအပ်ပါတယ်။
ဒကာက အစားရှာသူတွေဖြစ်တယ်။
အစားရှာရမှာလည်း တရားနဲ့ကင်းလို့မရပါ။
ဒါကြောင့်တရားဟာလိုအပ်ပါတယ်။
အစားနဲ့တရားဟာ မျှတဖို့လိုအပ်ပါတယ်။
ဘာကိုဘဲရှာရှာ နိဗ္ဗာန်ရရာ ရကြောင်းအတွက် အထောက်အပံ့ ဖြစ်ဖို့လိုအပ်ပါတယ်။
ဒကာအနေနဲ့က ဒီဘုန်းကြီးဟာ တရားဟောကောင်းလို့၊
နာမည်ကြီးလို့၊ဘွဲ့တော်တွေအများကြီးရလို့
မျော်မြင်ပြီးချဉ်းကပ်၊ဆက်ဆံတာမျိုးမဖြစ်သင့်ပါဘူး။
ဒီလိုပဲ
ဆရာအနေနဲ့လည်း ဒီတကာက လှူနိုင်တမ်းနိုင်လို့၊
ချမ်းသာလွန်းလို့၊ အာဏာရှိလို့၊
မျော်မြင်ပြီးချဉ်းကပ်၊ဆက်ဆံတာမျိုးမဖြစ်သင့်ပါဘူး။
ဒကာက အစားပေး၊ တရားယူ။
ဆရာက တရားပေး၊အစားယူ။
တစ်ဖက်ဖက်ကပေးနေရမယ်။
မပေးဘဲယူရင် အလကားယူတာပဲ။
အလကားယူရင် အလကားလူပဲ။
ဆရာဆိုရင်လည်း အလကားသံဃာပဲ။
သုံးစွဲတဲ့ပစ္စည်းတိုင်းမှာ တန်ဖိုးတစ်ခုရှိပြီးသားဖြစ်တယ်။
တန်ဖိုးပေးပြီးသုံးစွဲမှ တန်ဖိုးရှိတဲ့လူဖြစ်မယ်။
ဘာတန်ဖိုးလဲ။
ဒကာက အစားလှူပြီး တရားယူရမယ်။
ဆရာက အစားယူပြီး တရားလှူရမယ်။
ဒါမှ နှစ်ဦးနှစ်ဖက် တန်ဖိုးရှိသူဖြစ်ကြမယ်။
ဒါဟာတွန်းအားဖြစ်တယ်လို့ ဘုရားဟောခဲ့ပါတယ်။

(ဓမ္မဘေရီ အရှင်ဝီရိယ-တောင်စွန်း)


++++++++++++++++++

ဝသလသုတ်လာ ကျင့်ဝတ်များ

နိဒါန်း
    အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီးတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံလှည့်လည်ရင်း အဂ္ဂိကဘာရဒွါဇ ပုဏ္ဏားကြီး အိမ်သို့ ရောက်လာတော်မူသည်။
    မီးပူဇော်ရန် ပြင်ဆင်နေသူ ပုဏ္ဏားကြီးက မြတ်စွာဘုရားကို တွေ့မြင်သောအခါ စိတ်ဆိုးပြီး “ရဟန်းယုတ် - အဲဒီနေရာမှာ ရပ်ပါ၊ သူယုတ်မာ- အဲဒီနေရာမှာ ရပ်ပါ” ဟု ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတားမြစ်၏။
    ထိုအခါ မြတ်စွာဘုရားက “ပုဏ္ဏားကြီး- သူယုတ်မာကို သိသလား၊ သူယုတ်မာဖြစ်ကြောင်း တရားကိုရော သိသလား”ဟု ချိုချို သာသာ မေးတော်မူ၏။
    ပုဏ္ဏားကြီးက မသိပါကြောင်း ဖြေကြားပြီး သူယုတ်မာနှင့် သူယုတ်မာ ဖြစ်ကြောင်းတရားအပေါင်းကို ဟောကြားတော်မူပါရန် တောင်းပန်လျှောက်ထားသဖြင့် မြတ်စွာဘုရားက ဤ၀သလသုတ်တော်ကို အောက်ပါအတိုင်း ဟောကြားတော်မူသည်။

    သူယုတ်မာဖြစ်ကြောင်းတရားများ

၁။    အမျက်ကြီးသူ၊ ရန်ငြိုးဖွဲ့သူ၊ သူတစ်ပါးဂုဏ်ကျေးဇူးကို ချေဖျက်သူ၊ မိစ္ဆာဒိဋ္ဌိအယူရှိသူ၊ မိစ္ဆာဒိဋ္ဌိအယူသို့ ကူးပြောင်းသူနှင့် မိမိ အပြစ်ဖုံးလွှမ်း၍ လှည့်စားတတ်သူတို့သည် သူယုတ်မာဖြစ်၏။

၂။    သတ္တ၀ါတို့အား သနားကြင်နာမှု မရှိဘဲ သတ်ဖြတ်သူသည် သူယုတ်မာဖြစ်၏။

၃။    မြို့ရွာတို့ကို တိုက်ခိုက် ဖျက်ဆီးသူသည် သူယုတ်မာဖြစ်၏။

၎။    သူတစ်ပါးအကြွေး ပြန်မပေးသူသည် သူယုတ်မာဖြစ်၏။

၅။    သူတစ်ပါးပစ္စည်း ခိုးသူသည် သူယုတ်မာဖြစ်၏။

၆။    လူသတ်၍ ပစ္စည်းယူသူသည် သူယုတ်မာဖြစ်၏။

၇။    မတရားသက်သေ ထွက်ဆိုသူသည် သူယုတ်မာဖြစ်၏။

၈။    သူတစ်ပါးသားမယားကို ပြစ်မှားလွန်ကျူးသူသည် သူယုတ်မာဖြစ်၏။

၉။    အမိအဘကို မကျွေးမွေး မပြုစုသူသည် သူယုတ်မာဖြစ်၏။

၁၀။    မိဘ, ညီအစ်ကို မောင်နှမ, ယောက္ခမတို့ကို ကိုယ်နှုတ်တို့ဖြင့် နှိပ်စက်ညှင်းဆဲနေသူသည် သူယုတ်မာဖြစ်၏။

၁၁။    သူတစ်ပါးက အကျိုးစီးပွား ရှိရာရှိကြောင်းကို မေးပါလျက် အကျိုးမဲ့ကို ပြောသူနှင့် အကျိုးစီးပွားရှိကြောင်း နည်းလမ်းကို ပေးပါသော်လည်း မေးသူမသိနိုင်လောက်အောင် ပြောသူသည် သူယုတ်မာဖြစ်၏။

၁၂။    မိမိပြုလုပ်ထားသော မကောင်းသော အမှုများကို တစ်ပါးသူ မသိအောင် ဖုံးကွယ်ထားသူသည် သူယုတ်မာဖြစ်၏။

၁၃။    သူတစ်ပါးအိမ်သို့သွားသောအခါ ဧည့်ဝတ်ပြုစုသည်ကို စားသောက်ပြီး မိမိအိမ်သို့ လာသည့်အခါမူ ဧည့်ဝတ် မပြုစုသူသည် သူယုတ်မာဖြစ်၏။

၁၄။    ဖိတ်ကြားဝန်ခံထားသူ အလှူခံပုဂ္ဂိုလ်များနှင့် သူတောင်းစားတို့ကို မလှူဒါန်း မပေးကမ်းပဲ လှည့်ပတ်နေသူသည် သူယုတ်မာဖြစ်၏။

၁၅။    ဆွမ်းခံလာသောရဟန်းကို ဆွမ်းမလောင်းပဲ ကြမ်းတမ်းစွာ ပြောဆိုသူသည် သူယုတ်မာဖြစ်၏။

၁၆။    သူတစ်ပါး၏ ပစ္စည်းကို ရယူလိုသဖြင့် မဟုတ်မမှန် လှည့်ပတ်ပြောဆိုသူသည်သူယုတ်မာဖြစ်၏။

၁၇။    မိမိကိုယ်ကို ဂုဏ်တင်မြှောက်စားပြီး သူတစ်ပါးကို နှိမ့်ချပြောဆိုသူသည် သူယုတ်မာဖြစ်၏။

၁၈။    သူတစ်ပါးကို ရန်ရှာသူ၊ မိမိကိုယ်တိုင် မလှူဒါန်း မပေးကမ်းရုံမျှမက သူတစ်ပါးတို့ လှူဒါန်းပေးကမ်းသည်ကိုပင် နှမြောတွန့်တိုသူ၊ မိမိမှာ မရှိသော ဂုဏ်သိက္ခာဖြင့် ချီးမွမ်းခံလိုသူ၊ နှမြောဝန်တိုသူ၊ မိမိမှာ မရှိသော ဂုဏ်ကို ရှိလေဟန်ဆောင်သူနှင့် မကောင်းမှုကို ပြုရန် မရှက်မကြောက်သူသည် သူယုတ်မာဖြစ်၏။

၁၉။    ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့် ရတနာသုံးပါးဆည်းကပ် ကိုးကွယ်သူများကို ရှုတ်ချပြောဆိုသူသည် သူယုတ်မာဖြစ်၏။

၂၀။    ရဟန္တာမဟုတ်ပါပဲလျက် ရဟန္တာဟု ၀န်ခံသူသည် လောက၌ အယုတ်မာဆုံးဖြစ်၏။

နိဂုံး
    ဤသို့ မြတ်စွာဘုရား ဟောကြားတော်မူသော သူယုတ်မာဖြစ်ကြောင်းတရားတို့ကို ရှုဆင်ခြင်၍ ရှောင်ကြဉ်လိုက်နာ နိုင်ကြပါစေ။

ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်မှ၊

Thursday, May 9, 2013

မမှတ်ရင် မနေနိုင်တာကလွဲလို့

မသေခင်မှာ စိတ်ချမ်းသာစွာ နေသွားချင်တာဟာ လူသားတိုင်းရဲ့ ဆန္ဒပါ။ တစ်နေ့ထက်တစ်နေ့၊ တစ်ချိန်ထက်တစ်ချိန် ပိုပိုပြီး စိတ်ချမ်းသာလာတဲ့ ဘ၀မျိုးကို လူသားတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။

စိတ်ဆင်းရဲစရာမှန်သမျှ၊ စိတ်ပူလောင်စရာမှန်သမျှ လုံးဝကင်းရှင်းပြီး စိတ်ချမ်းသာမူ၊ စိတ်ငြိမ်းအေးမူ အတိပြီးတဲ့ဘ၀မျိုးကို ဖန်တီးတည်ဆောက်ပေးနိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့ သတိပဋ္ဌာန်းတရားနဲ့ ဘ၀နေနည်းပါပဲ။


သတိပဋ္ဌာန်းတရားနဲ့ နေရတာလောက် စိတ်ချမ်းသာစရာကောင်းတာ လောကမှာ မရှိတော့ပါဘူး။ တခြားနည်းနဲ့ စိတ်ချမ်းသာရတာက အပြည့်အ၀စိတ်ချမ်းသာမူ မရပါဘူး။ သတိပဋ္ဌာန်းနည်းနဲ့ စိတ်ချမ်းသာရတာက အပြည့်အ၀ စိတ်ချမ်းသာမူ ရပါတယ်။ ဘာလို့လဲဆိုတော့ သတိပဋ္ဌာန်းတရားကြောင့်ရတဲ့ စိတ်ချမ်းသာမူက ပူလောင်တင်းကျပ်တဲ့ ငါအစွဲနဲ့ ငါ့ဥစ္စာအစွဲတွေ ကင်းရှင်းလွတ်မြောက်နေလို့ပါပဲ။

မြတ်စွာဘုရားရှင်ရဲ့ ၀ိပဿနာလမ်းစဉ်ဟာ သတိပြဋ္ဌာန်းပြီး၊ သတိဦးဆောင်ပြီး လုပ်ရတဲ့ အလုပ်ဖြစ်လို့ သတိပဋ္ဌာန်းကျင့်စဉ်လို့လည်း ခေါ်ပါတယ်။ သတိပဋ္ဌာန်းတရားဟာ အလုပ်မရွေး၊ နေရာမရွေး၊ ဣရိယာပုထ်မရွေး၊ အချိန်မရွေး ကျင့်ကြံအားထုတ်လို့ ရပါတယ်။

ဝိပဿနာ ရူရမယ့်တရား၊ ရူပုံရူနည်းနဲ့ ရူရမယ့်အချိန်၊ နေရာတွေကို အတိုဆုံးနဲ့ အပြည့်စုံဆုံး ဖော်ပြနိုင်အောင် ခုလို ဆောင်ပုဒ်နှစ်ခုစီထားပါတယ်။

ဖြစ်ခိုက်ရုပ်နာမ်၊ ဖြစ်တိုင်းဟန်၊ ဧကန်မှတ်သိမူ။
အလုပ်နေရာ၊ ဣရိယာ၊ ချိန်ခါမရွေးရူ။

“ဖြစ်ခိုက်ရုပ်နာမ်”ဆိုတဲ့ စကားနဲ့ ၀ိပဿနာရူရမယ့် တရားကို ဖော်ပြပါတယ်။ ရုပ်တရား၊ နာမ်တရား (ကိုယ်အမူအရာနဲ့ စိတ်အမူအရာ)ကို ၀ိပဿနာရူကြရပါမယ်။ ရုပ်ထင်ရှားရင် ရုပ်၊ နာမ်ထင်ရှားရင် နာမ်၊ အထင်ရှားဆုံးတစ်ခုကို ရူကြရပါမယ်။

ရုပ်သက်သက်ပဲ ရူမယ်လို့ နှလုံးသွင်းပြီး ရုပ်ကိုချည်း မရူရပါဘူး။ နာမ်သက်သက်ပဲ ရူမယ်လို့ နှလုံးသွင်းပြီး နာမ်ကိုချည်း မရူရပါဘူး။ ဘာလို့လဲဆိုတော့ ရုပ်သက်သက်ရူရုံ၊ နာမ်သက်သက်ရူရုံနဲ့ တရားမရနိုင်၊ မဂ်မကျနိုင်လို့ပါပဲ။

ဒါပေမဲ့ ရုပ်နှစ်ခုသုံးခု၊ နာမ်နှစ်ခုသုံးခု စသည်တို့ကို တစ်ပြိုင်နက်၊ တစ်ပေါင်းတည်း ရူဖို့တော့ မလိုပါဘူး။ ထင်ရှားတဲ့ ရုပ်နာမ် တစ်ခုခုကို ရူမှတ်ပြီးသိရင် တစ်ပြိုင်နက်ဖြစ်တဲ့ ရုပ်နာမ်တွေကို ရူခြင်းကိစ္စ၊ သိခြင်းကိစ္စလည်း အလိုလို ပြီးစီးသွားပါတယ်။

ရူတဲ့ရုပ်နာမ်ကလည်း ဖြစ်ပြီးတဲ့ အတိတ်ရုပ်နာမ်၊ မဖြစ်သေးတဲ့ အနာဂတ်ရုပ်နာမ် မဟုတ်ရပါဘူး။ “ဖြစ်ခိုက်ရုပ်နာမ်”ဆိုတဲ့အတိုင်း လောလောဆယ်ဖြစ်နေဆဲ ပစ္စုပ္ပန်ရုပ်နာမ်ကိုသာ ရူရပါမယ်။

အတိတ်ရုပ်နာမ်ကလည်း ဖြစ်ပြီးသွားလို့ မရှိတော့ပါဘူး။ အနာဂတ်ရုပ်နာမ်ကလည်း မဖြစ်သေးလို့ မရှိသေးပါဘူး။ မရှိတဲ့ ရုပ်နာမ်ကို ရူနေလို့ ၀ိပဿနာဉာဏ်အစစ် မဖြစ်နိုင်ပါဘူး။

“ဖြစ်တိုင်းဟန်”ဆိုတဲ့စကားနဲ့ ၀ိပဿနာရူပုံရူနည်းကို ဖော်ပြပါတယ်။

ဝိပဿနာရူတယ်ဆိုတာ ပါဠိစကားလုံးတွေ၊ အဘိဓမ္မစကားလုံးတွေ၊ စေတသိက်သရုပ်တွေကို အထူးအထွေ ကျက်မှတ်ပြီး အဲဒီအတိုင်း လိုက်ရူနေရမှာ မဟုတ်ပါဘူး။ အဲဒီလို ကျက်မှတ်ပြီးရူနေရင် သုတမယဉာဏ်(တစ်ဆင့်ကြားအသိ)၊ စိန္တာမယဉာဏ်(ကြံတွေးအသိ)ပဲ ဖြစ်နိုင်ပါတယ်။ ဘာဝနာမယဉာဏ် (ကိုယ်တွေ့အသိ၊ မျက်မှောက်အသိ) မဖြစ်နိုင်ပါဘူး။

လောလောဆယ် ဖြစ်နေတဲ့ ကိုယ်အမူအရာ(ရုပ်၊ စိတ်အမူအရာ(နာမ်)ဖြစ်နေတဲ့ အတိုင်းလေး ရိုးရိုးရှင်းရှင်း ရူမှတ်ရပါမယ်။

ဥပမာ၊ ကိုယ်အမူအရာ(ရုပ်)အနေနဲ့ သွားရင်“သွားတယ်”၊ ရပ်ရင်“ရပ်တယ်”၊ ထိုင်ရင်“ထိုင်တယ်၊ လျောင်းရင်“လျောင်းတယ်”၊ ကွေးရင်“ကွေးတယ်”၊ ဆန့်ရင်“ဆန့်တယ်”လို့ ရူမှတ်ရပါမယ်။ “ဂစ္ဆန္တော ၀ါ ဂစ္ဆာမီတိ ပဇာနာတိ” စသည်အားဖြင့် မြတ်စွာဘုရား တိုက်ရိုက် ဟောကြားထားတဲ့ ရူမှတ်နည်းပါပဲ။

စိတ်အမူအရာ(နာမ်)အနေနဲ့ လိုချင်ရင်“လိုချင်တယ်”၊ တပ်မက်ရင်“တပ်မက်တယ်”၊ စိတ်ဆိုးရင်“စိတ်ဆိုးတယ်”၊ တွေးရင်“တွေးတယ်”၊ ပျင်းရင်“ပျင်းတယ်”လို့ ရူမှတ်ရပါမယ်။ “သရာဂံ ၀ါစိတ္တံ သရဏံ စိတ္တန္တိ ပဇာနာတိ” စသည်အားဖြင့် မြတ်စွာဘုရား တိုက်ရိုက်ဟောကြေားထားတဲ့ ရူမှတ်နည်းပါပဲ။

နေ့စဉ်သုံးစွဲနေကျ ၊ အမြဲခေါ်ဝေါ်နေကျ စကားလုံးအတိုင်း ရူမှတ်ရပါမယ်။

ဆောင်ပုဒ်ထဲမှာပါတဲ့ “အလုပ်”ဆိုတာ အလုပ်မရွေး ရူမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန် ၀ိပဿနာတရားဟာ အလုပ်မရွေး ရူမှတ်လို့ရတဲ့ အရာပါ။ ဘယ်အလုပ်လုပ်နေရလို့ ၀ိပဿနာ မရူနိုင်ဘူးဆိုတာ မရှိစေရပါဘူး။

ချက်ပြုတ်တဲ့ စားသောက်တဲ့အလုပ်၊ ဖွပ်လျှော်တဲ့ ၀တ်ဆင်တဲ့အလုပ်၊ ပြောဆိုတဲ့ နားထောင်တဲ့အလုပ်၊ ဈေးရောင်းတဲ့ ကားမောင်းတဲ့အလုပ်၊ ကိုင်တွယ်တဲ့ ထုနှက်တဲ့အလုပ်၊ ဘာအလုပ်ပဲ လုပ်လုပ် သတိထည့်ပြီးလုပ်ရင် ၀ိပဿနာဖြစ်ပါတယ်။

သတိထည့်ပုံကလည်း မခက်ပါဘူး။ “ဖြစ်တိုင်းဟန်”ဆိုတဲ့ အတိုင်း ကိုယ်လုပ်နေတဲ့ အလုပ်ကို လုပ်နေတဲ့အတိုင်းလေး မှတ်လိုက်၊ သိလိုက်ဖို့ပါပဲ။ ဥပမာ-ထမင်းလုတ်ဝါးရင် “၀ါးတယ်”၊ ရေသောက်ရင်“သောက်တယ်”၊ လုံချည်ပြင်ဝတ်ရင်“၀တ်တယ်” စသည်ဖြင့်ပေါ့။

“နေရာ”ဆိုတာက နေရာမရွေး ရူမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန်းဝိပဿနာတရားဟာ နေရာမရွေး ရူမှတ်လို့ရတဲ့ တရားပါ။ ဘယ်နေရာရောက်နေလို့ ၀ိပဿနာမရူနိုင်ဘူးဆိုတာ မရှိစေရပါဘူး။

ဘတ်စ်ကားပေါ်မှာ၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ၊ ရုံးခန်းထဲမှာ၊ ဈေးထဲမှာ၊ ဧည့်ခံပွဲပရိသတ်ထဲမှာ၊ မီးဖိုချောင်ထဲမှာ၊ ရေချိုးခန်းထဲမှာ၊ နောက်ဆုံး အိမ်သာထဲမှာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သတိထည့်ပြီးနေရင် ၀ိပဿနာဖြစ်ပါတယ်။

ဝိပဿနာတရားဆိုတာ ဘုရားခန်းလို တင့်တယ်တဲ့နေရာမျိုးမှာမှ ရူမှတ်လို့ ရတာမဟုတ်ပါဘူး။ အိမ်သာလို မတင့်တယ်တဲ့ ညစ်ပတ်နံစော်တဲ့နေရာမျိုးမှာလည်း ရူမှတ်လို့ ရပါတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင် “ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ=ကျင်ကြီးကျင်ငယ်စွန့်ရင်လည်း သတိ၊ ပညာနဲ့ စွန့်ပါ”လို့ တိုက်ရိုက် ဟောတော်မူထားပြီးသားပါ။

အိမ်သာတက်တတ်ရင် အိမ်သာတက်ရင်း ကုသိုလ်ရပါတယ်။ စွန့်ချင်ရင်“စွန့်ချင်တယ်”၊ စွန့်ရင်“စွန့်တယ်”၊ နံရင်“နံတယ်”၊ ဗိုက်နာရင်“နာတယ်”လို့ မှတ်နေ၊ သိနေရုံပါပဲ။

လွယ်သလောက်ခရီးရောက်တာ သတိပဋ္ဌာန်းပါ။ ယူတတ်ရင် ကုသိုလ်က နေရာတိုင်းမှာ ရနိုင်ပါတယ်။ အိမ်သာတက်ရင်းနဲ့တောင် ၀ိပဿနာကုသိုလ်ယူနိုင်တယ်ဆိုမှတော့ တခြားနေရာဆို မပြောနဲ့တော့။

“ဣရိယာ”ဆိုတာက ဣရိယာပုတ်မရွေး ရူမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန်း ၀ိပဿနာတရားဟာ ဣရိယာပုထ်မရွေးရူမှတ်လို့ရတဲ့ တရားပါ။ ဘယ်ဣရိယာပုထ်ဖြစ်နေလို့ ၀ိပဿနာ မရူနိုင်ဘူးဆိုတာ မရှိစေရပါဘူး။

သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်းလို ဣရိယာပုထ် လေးပါးရှိတယ်ဆိုတော့ သွားရင်“သွားတယ်”၊ ရပ်ရင်“ရပ်တယ်”၊ ထိုင်ရင်“ထိုင်တယ်”၊ လျောင်းရင်“လျောင်းတယ်” လို့ရူမှတ်နေရုံပါပဲ။ လွယ်လိုက်တာမပြောပါနဲ့တော့။ ခွံ့ပေးတဲ့ ထမင်းလုတ် ၀ါးရတာလောက်တောင် မခက်ပါဘူး။

“အချိန်အခါမရွေးရူ”ဆိုတာကတော့ ရှင်းပါတယ်။ အချိန်မရွေး ရူမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန်းဝိပဿနာတရားဟာ အချိန်မရွေးရူမှတ်လို့ ရတဲ့တရားပါ။ ဘယ်အချိန်ဖြစ်နေလို့ ၀ိပဿနာ မရူနိုင်ဘူးဆိုတာ မရှိစေရပါဘူး။ မနက်အိပ်ရာနိုးတဲ့ အချိန်ကစပြီး ညအိပ်ရာဝင် အိပ်ပျော်သွားတဲ့အထိ အချိန်တိုင်းမှာ သတိကပ်ထားရင် ၀ိပဿနာဖြစ်ပါတယ်။

အိပ်ရာနိုးတဲ့အချိန်မှာ “နိုးတယ်”လို့ ရူမှတ်ပြီး တစ်နေ့တာ အချိန်ကို စတင်လိုက်ပါ။

အဲဒီနောက်… တစ်နေ့တာလုံး မြင်တဲ့အချိန်မှာ “မြင်တယ်”၊ ကြားတဲ့အချိန်မှာ “ကြားတယ်”၊ နံတဲ့အချိန်မှာ “နံတယ်”၊ မွေးတဲ့အချိန်မှာ “မွှေးတယ်”၊ စားတဲ့အချိန်မှာ “စားတယ်၊ ထိတဲ့အချိန်မှာ “ထိတယ်“၊ သိတဲ့အချိန်မှာ “သိတယ်”လို့ ရူမှတ်ပြီး တစ်နေ့တာအချိန်တွေကို ဖြတ်သန်းလွန်မြောက်ပါ။

ညအိပ်ရာဝင်တဲ့အချိန်ကျတော့ “အိပ်တယ်”လို့ ရူမှတ်ရင်း တစ်နေ့တာအချိန်ကို အဆုံးသတ်လိုက်ပါ။

ဘ၀တစ်နေ့တာ အချိန်လေးတွေမှာ ဘာအလုပ်ပဲလုပ်လုပ်၊ အမှတ်ကလေးနဲ့ လုပ်နေရတာ အင်မတန် စိတ်ချမ်းသာပါတယ်။

“အမှတ်”ဆိုတဲ့နေရာမှာ ကိုယ်အမူအရာတွေကို မှတ်တာရော၊ စိတ်အခြေအနေတွေကို မှတ်တာရော ပါဝင်ပါတယ်။

အမှတ်မပါဘဲ လုပ်နေရင် လူက အလုပ်ကို လုပ်နေပေမယ့် စိတ်က အတိတ်၊ အနာဂတ်ကို ပျံ့လွင့်ပြေးလွှားနေတတ်ပါတယ်။ အတိတ်အကြောင်း၊ အနာဂတ်အကြောင်းတွေ တွေးတောရင်း အလုပ်လုပ်နေရတာ အင်မတန် စိတ်ပင်ပန်းပါတယ်။ အလုပ်လဲ မသေသပ်၊ မတွင်ကျယ်ပါဘူး။

နောက်ပြီးတော့ အမှတ်မပါဘဲ အလုပ်လုပ်နေရင် လုပ်နေသူကိုယ့်ကိုယ်ကိုလည်း “ငါ”လို့ စွဲနေတတ်ပါတယ်။ လုပ်နေတဲ့အလုပ်၊ အလုပ်နဲ့ ပတ်သက်တဲ့အာရုံ၊ အလုပ်လုပ်နေရင်း ကြုံတွေ့တဲ့ အာရုံတွေကိုလဲ “ငါ့ဥစ္စာ”လို့ စွဲနေတတ်ပါတယ်။

ငါအစွဲနဲ့၊ ငါ့ဥစ္စာအစွဲဟာ လူ့စိတ်ကို ပင်ပန်းနွမ်းနယ်စေပါတယ်။ ပူလောင်ဆင်းရဲစေပါတယ်။ ငြိမ်းအေးချမ်းသာမူနဲ့ ဝေးသထက်ဝေးစေပါတယ်။

ဘာပဲလုပ်လုပ် အမှတ်ကလေးနဲ့ လုပ်နေရင်တော့ စိတ်ဟာ ပစ္စုပ္ပန်တည့်သွားပြီး ငါဆိုတဲ့အစွဲလည်း ကင်း၊ ငါ့ဥစ္စာဆိုတဲ့အစွဲလည်း ကင်းသွားပါတယ်။ သဘောသက်သက်မျှသာ ရှိပါလား၊ လုပ်ချင်တဲ့စိတ်နဲ့ လုပ်နေတဲ့အမူအရာမျှသာ ရှိပါလား၊ သိစရာသဘောနဲ့ သိတတ်တဲ့သဘောမျှသာ ရှိပါလား ဆိုတဲ့အသိနဲ့ အင်မတန် စိတ်ချမ်းသာရပါတယ်။ အင်မတန် စိတ်အေးချမ်းရပါတယ်။ ပင်ပန်းနွမ်းနယ်မူ၊ ပူလောင်ဆင်းရဲမူ ဆိုတာလည်း မရှိတော့ပါဘူး။

တချို့က မှတ်နေစရာမလိုဘူး၊ သိနေရင်ပြီးတာပဲလို့ ပြောကြပါတယ်။ အဲဒီစကားဟာ မလုပ်ချင်လို့ပြောတဲ့စကား၊ လူပျင်းတွေရဲ့ ဆင်ခြေစကားမျှသာ ဖြစ်ပါတယ်။

မမှတ်ဘဲ သိနေတဲ့အသိဟာ သာမန်လူတွေရဲ့အသိ၊ တိရစ္ဆာန်အပါအ၀င် သတ္တ၀ါအားလုံးရဲ့ အသိပါ။ တရားအားထုတ်နေသူရဲ့အသိ၊ ၀ိပဿနာယောဂီရဲ့အသိ မဟုတ်ပါဘူး။

အားထုတ်မူ ရင့်ကျက်သွားရင်တော့ အမှတ်ကိုလွှတ်ထားပြီး သိနေရုံနဲ့ ပြီးနိုင်ပါတယ်။ ဒါတောင် တစ်ချက်တစ်ချက် ကြိုးကြား ကြိုးကြား အမှတ်လိုက်ပေးရပါသေးတယ်။ အမှတ်နဲ့ ထိန်းပေးထားမှ အသိက ခိုင်မြဲပါတယ်။

ဘာပဲဖြစ်ဖြစ် လိုရင်းပြောချင်တာကတော့ အချိန်တိုင်း စိတ်ချမ်းသာချင်ရင် အချိန်တိုင်း အမှတ်နဲ့နေပါ။ အလုပ်တိုင်း စိတ်ချမ်းသာချင်ရင် အလုပ်တိုင်း အမှတ်နဲ့လုပ်ပါ။

အမှတ်နဲ့နေရခြင်း၊ အမှတ်နဲ့လုပ်ရခြင်းရဲ့ အရသာကို ကိုယ်တွေ့မျက်မှောက် သိသွားပြီဆိုရင် မမှတ်ဘဲ နေနိုင်မှာ မဟုတ်တော့ပါဘူး။ မမှတ်ဘဲ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ “မမှတ်ရင် မနေနိုင်တာကလွဲလို့”ဖြစ်သွားပါလိမ့်မယ်။

လူတစ်ယောက်က “မမှတ်ရင် မနေနိုင်တာကလွဲလို့”လို့ အချိန်မရွေး ပြောနိုင်တဲ့အဆင့်အထိ အမှတ်သတိရဲ့ အရသာကို ခံစားရပြီဆိုရင် အဲဒီလူရဲ့ဘ၀ကို လူဖြစ်ရကျိုးနပ်တဲ့ဘ၀လို့ ကျိန်းသေ ပြောနိုင်ပါပြီ မမှတ်ရင်မနေနိုင်သူတွေ ဖြစ်ကြပါစေ။ အမှတ်သတိနဲ့ အမြဲနေနိုင်ကြပါစေ။

ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

ရှင်မဟာရဋ္ဌသာရ ဆုံးမစာများ

မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း မှ

၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သော အယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။

၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်
လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ
ပညာရှိအား၊ ကိုယ်တိုင်သွား၍
စကားလိုက်လျော၊ စစပြော၍
နှီးနှောလေ။

၃။ ငါ၏စိတ်တွင်
ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း
ဟုတ်တည်းဧကန်၊ အာမသန်နှင့်
မှန်သည်တစေ၊ မရှိချေ။

၎။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။

၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ သြ၀ါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည့်အရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ၀ဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။

ခက်ဆစ်အဖွင့်
၁။ ထုံး = လိုက်နာစံပြုစရာနည်းလမ်း၊ အစဉ်အလာ
၂။ လျင်လျား= အလျင်အမြန်
၃။ နှီးနှော= ဆွေးနွေးသည်။ တိုင်ပင်သည်။
၎။ လိပ်ခဲတည်းလည်း= စွဲမိစွဲရာကို မလွှတ်ဘဲ မြဲစွာတွယ်တာသောအားဖြင့်။
၅။ ဟုတ်တည်း= ဟုတ်သည်၊ မှန်သည်။
၆။ ဧကန်= အမှန်။
၇။ တစေ= အမြဲ။
၈။ သြ၀ါဒ= ဆုံးမစကား။
၉။ ပစ္စုပ္ပန်=ယခု၊ မျက်မှောက်။
၁၀။ သံသရာ= အဖန်တလဲလဲမပြတ် ကျင်လည်ရာ ဘ၀အစဉ်။
၁၁။ ၀ဋ်= ပြုခဲ့မိသော မကောင်းမှုအကျိုးကို ခံစားရခြင်း။
၁၂။ ရွှေခဲ= ရွှေတုံး၊ ရွှေခဲကဲ့သို့ မြတ်နိုးဖွယ်သောသား။

------------------------------------------------------------------------------------
# လက်သစ်တောင်သာ၊ ယူဇနာပေါင်းတာပြန်လောင်းသော် ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်သည့် တောင်မြင့်မိုရ်ရှိ၊ ဂုဏ်ကြီးဘိသည့်၊ မွေးမိဖခင်၊ ကျေးဇူးရှင်နှင့်၊ ထို့ပြင်တခြား၊ ဘိုးနှင့်ဘွားကို၊ ဘုရားတစ်ဆူ၊ ဂူတစ်လုံးသွင်၊ စိတ်ထင်ကလျက်၊ ဦးတင်လက်ထား၊ အစားအ၀တ်၊ မလွတ်ရစေ၊ ရေပူရေအေး၊ လိုရာပေး၍၊ ကျွေးမွေးကြလေ။ တထွေမှတ်သား၊ အခါးအချို၊ သူတို့ဆိုလည်း၊ ဘိုးဘွားမိဘ၊ ဆရာစကား၊ ပြသဆိုထွေ၊ မျိုတတ်စေ။ (မိဘ၊ ဘိုးဘွား၊ ဆရာစကား ချိုချို ခါးခါးနာယူရသည်။)

# အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနှစ်သက်၊ ဖက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့သို့မှတ်ပါလေ။

# ဆွေကြီးမျိုးကြီး၊ အဘကြီးနှင့်၊ ဦးရီးသားချင်း၊ ဘထွေးရင်းက၊ ဟူသမျှကို၊ ဂုဏ၀ုဎ၊ ပစာယန၊ စိတ်ကသိစေ၊ ပြစ်မှားမိက မသင့်ချေ။

# ပေါက်ဖော်သားချင်း၊ တစ်ဝမ်းတွင်းမှ အရင်းအနှစ်၊ ဖွေစိစစ်၍၊ အပြစ်စုပုံ၊ မခြားထုံသည်၊ အူတုံဖြစ်က ချစ်ကြလေ။

# သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။

# ရှေးကစွန့်ကြဲ၊ ကံရင်းနဲ၍၊ ဆင်းရဲခဲ့တုံ၊ ကိုယ်မလုံ၍၊ သူ့ဂုဏ်ပိုင်ပိုင်၊ မဆပ်နိုင်သော်၊ ကိုယ်တိုင်သူ့အိမ်၊ ရောက်ခိုက်ကြိမ်က၊ မထိမ်မမြူး၊ ဘ-ရာဖူးသို့၊ ကျေးဇူးရှိထွေ၊ သိတတ်စေ။

# တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။

# မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကို ချုပ်ကြလေ။

# သေနှင့်အရက်၊ စီးပွားပျက်ကို၊ တစ်စက်ကယ်မှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ။

# ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ။

# နောင်သံသရာ၊ ရိက္ခာအတူ၊ ကံကျွေးဟူသည်၊ အလှူဆိုက၊ မဆုတ်ကြနှင့်၊ ရဲလှပါစေ၊ တံစက်အောက်တွင်၊ ခံသောက်အိုးတန်၊ ကျဖန်များက၊ ပြည့်ငြားသည်သာ၊ ထုံးဟောင်းစာကို ထောက်ပါလေ။
# သူ၏စီးပွား၊ ငါ့စီးပွားကို၊ ထောက်ထားမိစေ၊ ကြီးလောဘကို မျှတစေ။
# သူ၏ဥစ္စာ၊ သူ့ဘဏ္ဍာကို၊ မေတ္တာမရှေး၊ သူမပေးက၊ ဆေးတစ်အိုးမျှ၊ မယူကြနှင့်၊ ရှောင်ကြပါလေ။

# သူတော်ကောင်းနှင့်၊ ပေါင်းဖက်ယှဉ်တွဲ၊ သူမိုက်မဲကို၊ ရှောင်လွဲပါလေ။ ဤသူအမြတ်၊ ဤသူလတ်ဟု၊ ညစ်ပတ် ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်၊ မသွေလှန်သည်၊ ဧကန်ဆတ်ဆတ်၊ လူသုံးရပ်ကို၊ သိတတ်စေ။

# ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ။

# မှတ်ဖွယ်ရာရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

# ဖတ်ပြန်သော်ကား၊ ဖတ်ပြန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည်း။

# အသုံးအဆောင်၊ အိမ်ထောင်ခမ်းနား၊ အပါးပါးကို ပြန့်ပွားလေအောင်၊ ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ ယောက်ျားပီထွေ၊ ၀ီရိယနှင့်၊ လုံ့လကိုလည်း ရှိလှစေ။

မမေ့အပ်သော ဗုဒ္ဓ သြ၀ါဒ


အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဓမ္မ၊ သံဃ။
မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ီရိယ။
ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ။
နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ။
အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
အမြဲလက်ကိုင်ထားရန်ကား ခန္တီ၊ မေတ္တာ၊ သစ္စာ။

Monday, May 6, 2013

ဒါလေးတွေ သတိပြုမိကြပါသလား(လယ်တီဆရာတော်)

မရဏာသန္န သေခါနီးကာလတွင်၊ ဒါနကလည်း မပြောင်၊ သီလကလည်း အကြောင်၊ ဘာဝနာကလည်း အယောင်ယောင်၊ ခပ်ခြောင်ခြောင် အမှတ်တမဲ့၊ တော်အောင်သာ နေခဲ့၍၊ သေတော့မည့်အခိုက်၊ ဇောငါးတန်အဆိုက်နှင့်၊ အရှိုက်သို့ထိခါမှ၊ ကျိတိကြောင်တောင်၊ နားယောင်ပတ်ကား၊ မြွေမိဖားကဲ့သို့၊ သွားရမယ့်ရှေ့ဘဝ၊ တွေ့ရမယ့် အခင်းတွေနှင့်၊ ပက်ပင်းပါဆုံမိပါမှ၊ သတိကြီးရ ကြ၍၊
(၁) ဒါနကို ပြန်ရှု့သော်လည်း၊ ပြုဖူးသည့်ဒါနက၊ ကာလနှင့်ခပ်ရောရော၊ လောကနှင့် ခပ်ဖက်ဖက်၊ ထွေးယှက်လူးလဲ၊ အစင်ကြယ် နဲခဲ့၍၊ စိတ်ထဲမှာ မကြည်လာ၊
(၂) သီလကိုပြန်ရှာသော်၊ လောကဓံခုခေတ်က၊ လူ့အဖြစ်ကြပ်လှ၍၊ တတ်သမျှ ဝစီကံ၊ အနင့်သား ဖန်နိုင်မှ၊ တော်တန်ရုံ ရှိကြတယ်။
(၃) ဓမ္မိက ကျီးပလီကဲ့သို့၊ တီတီတာတာ၊ ခရာဆန်းပြား၊ အတန်ကြီး များနိုင်မှ၊ စားရန်ဖို့-ဝတ်ရန်ဖို့၊ တချို့ပေးကမ်း၊ လူတမ်းစေ့ကာ၊ အနိုင်သာရှိကြ၍၊ သိလျက်နှင့်မိုက်ရသော၊ အတိတ်ရ ခေတ်ပေမို့၊ ဖြစ်သမျှ ကိုယ်နှတ်က၊ ဗြုတ်အတိပေါလှ၍၊ မနောက မကြည်သာ၊
(၄) ဘာဝနာဆိုသည်မှာ၊ မြည်ရိုးမို့ မြည်ကြသည့်၊ သမထ မနော၊ ဝိပဿနာဇောများနှင့်၊ ပကောဋိ အသင်္ချာ၊ တသက်လုံး စင်ကွာ၏။
(၅) ဘုရားဂုဏ် တရားဂုဏ် သံဃဂုဏ်ကို၊ အာရုံခံအောက်မေ့ဟု၊ တထေ့ထေ့ဆိုရပါသော်လည်း၊ နဂိုရ်ရင်း ပကတိ၊ လေ့ကျက်ခြင်းမရှိ၍၊ မိအောင်မထင်ပေ။
(၆) ဝေပါ၏ အမျှ၊ တဖွဖွဆိုသော်လည်း၊ ထိုသူ၏ဓာတ် နရက်ကို တတ်အကြပ် သိပြီမို့၊ နားညီးရုံသာ ရှိရှာသည်။ (လယ်တီဆရာတော်)
မှတ်ချက်။ လယ်တီဆရာတော် ၏ ဓမ္မအမြင်များကို
21-09-2011- နေ့တွင် ကြရောက်သည့် မိမိ၏ ၃၈ ပြည့် မွေးနေ့ အမှတ်တရအဖြစ် ဓမ္မဒါနမျှဝေပါသည်။
အားလုံး သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။

သံဝေဂ တေးထပ်(လယ်တီဆရာတော်)

တပည့် မောင်သြဇာကို ဆုံးမသော
သံဝေဂ တေးထပ်
ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊
နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း။
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာ ပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့ အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲကမှ မခဲချင်လျှင်၊
အလွဲ နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။

ကျေးဇူးရှင် လယ်တီဆရာတော်ကြီး ရေးသားပြုစုသော လယ်တီ ဒီပနီဝိသောဓကမူ ဂမ္ဘီရ ကဗျာကျမ်း (မြန်မာပြည်စာအုပ်တိုက် ရန်ကုန် သာသနာ ၂၅၃၀၊ ကောဇာ ၁၃၄၈၊ ခရစ်နှစ် ၁၉၈၇ မေလ) ကျမ်းမှ

Sunday, May 5, 2013

☺မထေရ်မြတ်တို့ရဲ့ အဆုံးအမ☺


Simple, Free Image and File Hosting at MediaFire
မလုပ်သင့်တာကို လုပ်တဲ့အမှား၊ လုပ်သင့်တာကို မလုပ်တဲ့အမှား လို့ အမှားနှစ်မျိုး ရှိတယ်။ (လယ်တီဆရာတော်) 
Simple, Free Image and File Hosting at MediaFire 
ဗုဒ္ဓရဲ့ ယဉ်ကျေးမှုကိုသာ အတိအကျ လိုက်နာကြရင် ယဉ်ကျေးတဲ့ ကမ္ဘာ့နိုင်ငံကြီးများနှင့် ရင်ဘောင်တန်းနိုင်ပါတယ် (မဟာဂန္ဓာရုံဆရာတော်)


လူတွေဟာ ဘာလေးပဲ ဖြစ်လိုက်ဖြစ်လိုက် ကံချည်းပဲ အောက်မေ့လိုက်ကြတာပဲ ဘုရားရဲ့ ဉာဏ်၊ ၀ီရိယနဲ့ ပြုပြင်မှု ကြိုးစားမှုကို အသားပေးဝါဒ ရှိပါလျက် ကံချည်းချထားတော့ သာသနာလည်း နာ၊
လူမျိုးလည်း နာတာပေါ့။ (မဟာဂန္ဓာရုံဆရာတော်) 
Simple, Free Image and File Hosting at MediaFire 
သူတစ်ဖက်သား မျက်မာန်ပွားသော် တရားမကွာ
ထိန်းစောင့်ကာဖြင့် မေတ္တာနှလုံး
ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်းဆရာတော်)