၃၂ ကောဌာသတရားဆိုတာ

အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ဒကာမကြီးရေ တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။ အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။ မှန်ပါတယ် အလွန်မွန်မြတ်သော တရားပါ ဦးဇင်းတို့ တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တက်မက်မှုတရားတွေ ဖြစ်ပါတယ် ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် ဆရာတော်ဦးသြသဓ

Thursday, May 9, 2013

မမှတ်ရင် မနေနိုင်တာကလွဲလို့

မသေခင်မှာ စိတ်ချမ်းသာစွာ နေသွားချင်တာဟာ လူသားတိုင်းရဲ့ ဆန္ဒပါ။ တစ်နေ့ထက်တစ်နေ့၊ တစ်ချိန်ထက်တစ်ချိန် ပိုပိုပြီး စိတ်ချမ်းသာလာတဲ့ ဘ၀မျိုးကို လူသားတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။

စိတ်ဆင်းရဲစရာမှန်သမျှ၊ စိတ်ပူလောင်စရာမှန်သမျှ လုံးဝကင်းရှင်းပြီး စိတ်ချမ်းသာမူ၊ စိတ်ငြိမ်းအေးမူ အတိပြီးတဲ့ဘ၀မျိုးကို ဖန်တီးတည်ဆောက်ပေးနိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့ သတိပဋ္ဌာန်းတရားနဲ့ ဘ၀နေနည်းပါပဲ။


သတိပဋ္ဌာန်းတရားနဲ့ နေရတာလောက် စိတ်ချမ်းသာစရာကောင်းတာ လောကမှာ မရှိတော့ပါဘူး။ တခြားနည်းနဲ့ စိတ်ချမ်းသာရတာက အပြည့်အ၀စိတ်ချမ်းသာမူ မရပါဘူး။ သတိပဋ္ဌာန်းနည်းနဲ့ စိတ်ချမ်းသာရတာက အပြည့်အ၀ စိတ်ချမ်းသာမူ ရပါတယ်။ ဘာလို့လဲဆိုတော့ သတိပဋ္ဌာန်းတရားကြောင့်ရတဲ့ စိတ်ချမ်းသာမူက ပူလောင်တင်းကျပ်တဲ့ ငါအစွဲနဲ့ ငါ့ဥစ္စာအစွဲတွေ ကင်းရှင်းလွတ်မြောက်နေလို့ပါပဲ။

မြတ်စွာဘုရားရှင်ရဲ့ ၀ိပဿနာလမ်းစဉ်ဟာ သတိပြဋ္ဌာန်းပြီး၊ သတိဦးဆောင်ပြီး လုပ်ရတဲ့ အလုပ်ဖြစ်လို့ သတိပဋ္ဌာန်းကျင့်စဉ်လို့လည်း ခေါ်ပါတယ်။ သတိပဋ္ဌာန်းတရားဟာ အလုပ်မရွေး၊ နေရာမရွေး၊ ဣရိယာပုထ်မရွေး၊ အချိန်မရွေး ကျင့်ကြံအားထုတ်လို့ ရပါတယ်။

ဝိပဿနာ ရူရမယ့်တရား၊ ရူပုံရူနည်းနဲ့ ရူရမယ့်အချိန်၊ နေရာတွေကို အတိုဆုံးနဲ့ အပြည့်စုံဆုံး ဖော်ပြနိုင်အောင် ခုလို ဆောင်ပုဒ်နှစ်ခုစီထားပါတယ်။

ဖြစ်ခိုက်ရုပ်နာမ်၊ ဖြစ်တိုင်းဟန်၊ ဧကန်မှတ်သိမူ။
အလုပ်နေရာ၊ ဣရိယာ၊ ချိန်ခါမရွေးရူ။

“ဖြစ်ခိုက်ရုပ်နာမ်”ဆိုတဲ့ စကားနဲ့ ၀ိပဿနာရူရမယ့် တရားကို ဖော်ပြပါတယ်။ ရုပ်တရား၊ နာမ်တရား (ကိုယ်အမူအရာနဲ့ စိတ်အမူအရာ)ကို ၀ိပဿနာရူကြရပါမယ်။ ရုပ်ထင်ရှားရင် ရုပ်၊ နာမ်ထင်ရှားရင် နာမ်၊ အထင်ရှားဆုံးတစ်ခုကို ရူကြရပါမယ်။

ရုပ်သက်သက်ပဲ ရူမယ်လို့ နှလုံးသွင်းပြီး ရုပ်ကိုချည်း မရူရပါဘူး။ နာမ်သက်သက်ပဲ ရူမယ်လို့ နှလုံးသွင်းပြီး နာမ်ကိုချည်း မရူရပါဘူး။ ဘာလို့လဲဆိုတော့ ရုပ်သက်သက်ရူရုံ၊ နာမ်သက်သက်ရူရုံနဲ့ တရားမရနိုင်၊ မဂ်မကျနိုင်လို့ပါပဲ။

ဒါပေမဲ့ ရုပ်နှစ်ခုသုံးခု၊ နာမ်နှစ်ခုသုံးခု စသည်တို့ကို တစ်ပြိုင်နက်၊ တစ်ပေါင်းတည်း ရူဖို့တော့ မလိုပါဘူး။ ထင်ရှားတဲ့ ရုပ်နာမ် တစ်ခုခုကို ရူမှတ်ပြီးသိရင် တစ်ပြိုင်နက်ဖြစ်တဲ့ ရုပ်နာမ်တွေကို ရူခြင်းကိစ္စ၊ သိခြင်းကိစ္စလည်း အလိုလို ပြီးစီးသွားပါတယ်။

ရူတဲ့ရုပ်နာမ်ကလည်း ဖြစ်ပြီးတဲ့ အတိတ်ရုပ်နာမ်၊ မဖြစ်သေးတဲ့ အနာဂတ်ရုပ်နာမ် မဟုတ်ရပါဘူး။ “ဖြစ်ခိုက်ရုပ်နာမ်”ဆိုတဲ့အတိုင်း လောလောဆယ်ဖြစ်နေဆဲ ပစ္စုပ္ပန်ရုပ်နာမ်ကိုသာ ရူရပါမယ်။

အတိတ်ရုပ်နာမ်ကလည်း ဖြစ်ပြီးသွားလို့ မရှိတော့ပါဘူး။ အနာဂတ်ရုပ်နာမ်ကလည်း မဖြစ်သေးလို့ မရှိသေးပါဘူး။ မရှိတဲ့ ရုပ်နာမ်ကို ရူနေလို့ ၀ိပဿနာဉာဏ်အစစ် မဖြစ်နိုင်ပါဘူး။

“ဖြစ်တိုင်းဟန်”ဆိုတဲ့စကားနဲ့ ၀ိပဿနာရူပုံရူနည်းကို ဖော်ပြပါတယ်။

ဝိပဿနာရူတယ်ဆိုတာ ပါဠိစကားလုံးတွေ၊ အဘိဓမ္မစကားလုံးတွေ၊ စေတသိက်သရုပ်တွေကို အထူးအထွေ ကျက်မှတ်ပြီး အဲဒီအတိုင်း လိုက်ရူနေရမှာ မဟုတ်ပါဘူး။ အဲဒီလို ကျက်မှတ်ပြီးရူနေရင် သုတမယဉာဏ်(တစ်ဆင့်ကြားအသိ)၊ စိန္တာမယဉာဏ်(ကြံတွေးအသိ)ပဲ ဖြစ်နိုင်ပါတယ်။ ဘာဝနာမယဉာဏ် (ကိုယ်တွေ့အသိ၊ မျက်မှောက်အသိ) မဖြစ်နိုင်ပါဘူး။

လောလောဆယ် ဖြစ်နေတဲ့ ကိုယ်အမူအရာ(ရုပ်၊ စိတ်အမူအရာ(နာမ်)ဖြစ်နေတဲ့ အတိုင်းလေး ရိုးရိုးရှင်းရှင်း ရူမှတ်ရပါမယ်။

ဥပမာ၊ ကိုယ်အမူအရာ(ရုပ်)အနေနဲ့ သွားရင်“သွားတယ်”၊ ရပ်ရင်“ရပ်တယ်”၊ ထိုင်ရင်“ထိုင်တယ်၊ လျောင်းရင်“လျောင်းတယ်”၊ ကွေးရင်“ကွေးတယ်”၊ ဆန့်ရင်“ဆန့်တယ်”လို့ ရူမှတ်ရပါမယ်။ “ဂစ္ဆန္တော ၀ါ ဂစ္ဆာမီတိ ပဇာနာတိ” စသည်အားဖြင့် မြတ်စွာဘုရား တိုက်ရိုက် ဟောကြားထားတဲ့ ရူမှတ်နည်းပါပဲ။

စိတ်အမူအရာ(နာမ်)အနေနဲ့ လိုချင်ရင်“လိုချင်တယ်”၊ တပ်မက်ရင်“တပ်မက်တယ်”၊ စိတ်ဆိုးရင်“စိတ်ဆိုးတယ်”၊ တွေးရင်“တွေးတယ်”၊ ပျင်းရင်“ပျင်းတယ်”လို့ ရူမှတ်ရပါမယ်။ “သရာဂံ ၀ါစိတ္တံ သရဏံ စိတ္တန္တိ ပဇာနာတိ” စသည်အားဖြင့် မြတ်စွာဘုရား တိုက်ရိုက်ဟောကြေားထားတဲ့ ရူမှတ်နည်းပါပဲ။

နေ့စဉ်သုံးစွဲနေကျ ၊ အမြဲခေါ်ဝေါ်နေကျ စကားလုံးအတိုင်း ရူမှတ်ရပါမယ်။

ဆောင်ပုဒ်ထဲမှာပါတဲ့ “အလုပ်”ဆိုတာ အလုပ်မရွေး ရူမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန် ၀ိပဿနာတရားဟာ အလုပ်မရွေး ရူမှတ်လို့ရတဲ့ အရာပါ။ ဘယ်အလုပ်လုပ်နေရလို့ ၀ိပဿနာ မရူနိုင်ဘူးဆိုတာ မရှိစေရပါဘူး။

ချက်ပြုတ်တဲ့ စားသောက်တဲ့အလုပ်၊ ဖွပ်လျှော်တဲ့ ၀တ်ဆင်တဲ့အလုပ်၊ ပြောဆိုတဲ့ နားထောင်တဲ့အလုပ်၊ ဈေးရောင်းတဲ့ ကားမောင်းတဲ့အလုပ်၊ ကိုင်တွယ်တဲ့ ထုနှက်တဲ့အလုပ်၊ ဘာအလုပ်ပဲ လုပ်လုပ် သတိထည့်ပြီးလုပ်ရင် ၀ိပဿနာဖြစ်ပါတယ်။

သတိထည့်ပုံကလည်း မခက်ပါဘူး။ “ဖြစ်တိုင်းဟန်”ဆိုတဲ့ အတိုင်း ကိုယ်လုပ်နေတဲ့ အလုပ်ကို လုပ်နေတဲ့အတိုင်းလေး မှတ်လိုက်၊ သိလိုက်ဖို့ပါပဲ။ ဥပမာ-ထမင်းလုတ်ဝါးရင် “၀ါးတယ်”၊ ရေသောက်ရင်“သောက်တယ်”၊ လုံချည်ပြင်ဝတ်ရင်“၀တ်တယ်” စသည်ဖြင့်ပေါ့။

“နေရာ”ဆိုတာက နေရာမရွေး ရူမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန်းဝိပဿနာတရားဟာ နေရာမရွေး ရူမှတ်လို့ရတဲ့ တရားပါ။ ဘယ်နေရာရောက်နေလို့ ၀ိပဿနာမရူနိုင်ဘူးဆိုတာ မရှိစေရပါဘူး။

ဘတ်စ်ကားပေါ်မှာ၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ၊ ရုံးခန်းထဲမှာ၊ ဈေးထဲမှာ၊ ဧည့်ခံပွဲပရိသတ်ထဲမှာ၊ မီးဖိုချောင်ထဲမှာ၊ ရေချိုးခန်းထဲမှာ၊ နောက်ဆုံး အိမ်သာထဲမှာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သတိထည့်ပြီးနေရင် ၀ိပဿနာဖြစ်ပါတယ်။

ဝိပဿနာတရားဆိုတာ ဘုရားခန်းလို တင့်တယ်တဲ့နေရာမျိုးမှာမှ ရူမှတ်လို့ ရတာမဟုတ်ပါဘူး။ အိမ်သာလို မတင့်တယ်တဲ့ ညစ်ပတ်နံစော်တဲ့နေရာမျိုးမှာလည်း ရူမှတ်လို့ ရပါတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင် “ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ=ကျင်ကြီးကျင်ငယ်စွန့်ရင်လည်း သတိ၊ ပညာနဲ့ စွန့်ပါ”လို့ တိုက်ရိုက် ဟောတော်မူထားပြီးသားပါ။

အိမ်သာတက်တတ်ရင် အိမ်သာတက်ရင်း ကုသိုလ်ရပါတယ်။ စွန့်ချင်ရင်“စွန့်ချင်တယ်”၊ စွန့်ရင်“စွန့်တယ်”၊ နံရင်“နံတယ်”၊ ဗိုက်နာရင်“နာတယ်”လို့ မှတ်နေ၊ သိနေရုံပါပဲ။

လွယ်သလောက်ခရီးရောက်တာ သတိပဋ္ဌာန်းပါ။ ယူတတ်ရင် ကုသိုလ်က နေရာတိုင်းမှာ ရနိုင်ပါတယ်။ အိမ်သာတက်ရင်းနဲ့တောင် ၀ိပဿနာကုသိုလ်ယူနိုင်တယ်ဆိုမှတော့ တခြားနေရာဆို မပြောနဲ့တော့။

“ဣရိယာ”ဆိုတာက ဣရိယာပုတ်မရွေး ရူမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန်း ၀ိပဿနာတရားဟာ ဣရိယာပုထ်မရွေးရူမှတ်လို့ရတဲ့ တရားပါ။ ဘယ်ဣရိယာပုထ်ဖြစ်နေလို့ ၀ိပဿနာ မရူနိုင်ဘူးဆိုတာ မရှိစေရပါဘူး။

သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်းလို ဣရိယာပုထ် လေးပါးရှိတယ်ဆိုတော့ သွားရင်“သွားတယ်”၊ ရပ်ရင်“ရပ်တယ်”၊ ထိုင်ရင်“ထိုင်တယ်”၊ လျောင်းရင်“လျောင်းတယ်” လို့ရူမှတ်နေရုံပါပဲ။ လွယ်လိုက်တာမပြောပါနဲ့တော့။ ခွံ့ပေးတဲ့ ထမင်းလုတ် ၀ါးရတာလောက်တောင် မခက်ပါဘူး။

“အချိန်အခါမရွေးရူ”ဆိုတာကတော့ ရှင်းပါတယ်။ အချိန်မရွေး ရူမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန်းဝိပဿနာတရားဟာ အချိန်မရွေးရူမှတ်လို့ ရတဲ့တရားပါ။ ဘယ်အချိန်ဖြစ်နေလို့ ၀ိပဿနာ မရူနိုင်ဘူးဆိုတာ မရှိစေရပါဘူး။ မနက်အိပ်ရာနိုးတဲ့ အချိန်ကစပြီး ညအိပ်ရာဝင် အိပ်ပျော်သွားတဲ့အထိ အချိန်တိုင်းမှာ သတိကပ်ထားရင် ၀ိပဿနာဖြစ်ပါတယ်။

အိပ်ရာနိုးတဲ့အချိန်မှာ “နိုးတယ်”လို့ ရူမှတ်ပြီး တစ်နေ့တာ အချိန်ကို စတင်လိုက်ပါ။

အဲဒီနောက်… တစ်နေ့တာလုံး မြင်တဲ့အချိန်မှာ “မြင်တယ်”၊ ကြားတဲ့အချိန်မှာ “ကြားတယ်”၊ နံတဲ့အချိန်မှာ “နံတယ်”၊ မွေးတဲ့အချိန်မှာ “မွှေးတယ်”၊ စားတဲ့အချိန်မှာ “စားတယ်၊ ထိတဲ့အချိန်မှာ “ထိတယ်“၊ သိတဲ့အချိန်မှာ “သိတယ်”လို့ ရူမှတ်ပြီး တစ်နေ့တာအချိန်တွေကို ဖြတ်သန်းလွန်မြောက်ပါ။

ညအိပ်ရာဝင်တဲ့အချိန်ကျတော့ “အိပ်တယ်”လို့ ရူမှတ်ရင်း တစ်နေ့တာအချိန်ကို အဆုံးသတ်လိုက်ပါ။

ဘ၀တစ်နေ့တာ အချိန်လေးတွေမှာ ဘာအလုပ်ပဲလုပ်လုပ်၊ အမှတ်ကလေးနဲ့ လုပ်နေရတာ အင်မတန် စိတ်ချမ်းသာပါတယ်။

“အမှတ်”ဆိုတဲ့နေရာမှာ ကိုယ်အမူအရာတွေကို မှတ်တာရော၊ စိတ်အခြေအနေတွေကို မှတ်တာရော ပါဝင်ပါတယ်။

အမှတ်မပါဘဲ လုပ်နေရင် လူက အလုပ်ကို လုပ်နေပေမယ့် စိတ်က အတိတ်၊ အနာဂတ်ကို ပျံ့လွင့်ပြေးလွှားနေတတ်ပါတယ်။ အတိတ်အကြောင်း၊ အနာဂတ်အကြောင်းတွေ တွေးတောရင်း အလုပ်လုပ်နေရတာ အင်မတန် စိတ်ပင်ပန်းပါတယ်။ အလုပ်လဲ မသေသပ်၊ မတွင်ကျယ်ပါဘူး။

နောက်ပြီးတော့ အမှတ်မပါဘဲ အလုပ်လုပ်နေရင် လုပ်နေသူကိုယ့်ကိုယ်ကိုလည်း “ငါ”လို့ စွဲနေတတ်ပါတယ်။ လုပ်နေတဲ့အလုပ်၊ အလုပ်နဲ့ ပတ်သက်တဲ့အာရုံ၊ အလုပ်လုပ်နေရင်း ကြုံတွေ့တဲ့ အာရုံတွေကိုလဲ “ငါ့ဥစ္စာ”လို့ စွဲနေတတ်ပါတယ်။

ငါအစွဲနဲ့၊ ငါ့ဥစ္စာအစွဲဟာ လူ့စိတ်ကို ပင်ပန်းနွမ်းနယ်စေပါတယ်။ ပူလောင်ဆင်းရဲစေပါတယ်။ ငြိမ်းအေးချမ်းသာမူနဲ့ ဝေးသထက်ဝေးစေပါတယ်။

ဘာပဲလုပ်လုပ် အမှတ်ကလေးနဲ့ လုပ်နေရင်တော့ စိတ်ဟာ ပစ္စုပ္ပန်တည့်သွားပြီး ငါဆိုတဲ့အစွဲလည်း ကင်း၊ ငါ့ဥစ္စာဆိုတဲ့အစွဲလည်း ကင်းသွားပါတယ်။ သဘောသက်သက်မျှသာ ရှိပါလား၊ လုပ်ချင်တဲ့စိတ်နဲ့ လုပ်နေတဲ့အမူအရာမျှသာ ရှိပါလား၊ သိစရာသဘောနဲ့ သိတတ်တဲ့သဘောမျှသာ ရှိပါလား ဆိုတဲ့အသိနဲ့ အင်မတန် စိတ်ချမ်းသာရပါတယ်။ အင်မတန် စိတ်အေးချမ်းရပါတယ်။ ပင်ပန်းနွမ်းနယ်မူ၊ ပူလောင်ဆင်းရဲမူ ဆိုတာလည်း မရှိတော့ပါဘူး။

တချို့က မှတ်နေစရာမလိုဘူး၊ သိနေရင်ပြီးတာပဲလို့ ပြောကြပါတယ်။ အဲဒီစကားဟာ မလုပ်ချင်လို့ပြောတဲ့စကား၊ လူပျင်းတွေရဲ့ ဆင်ခြေစကားမျှသာ ဖြစ်ပါတယ်။

မမှတ်ဘဲ သိနေတဲ့အသိဟာ သာမန်လူတွေရဲ့အသိ၊ တိရစ္ဆာန်အပါအ၀င် သတ္တ၀ါအားလုံးရဲ့ အသိပါ။ တရားအားထုတ်နေသူရဲ့အသိ၊ ၀ိပဿနာယောဂီရဲ့အသိ မဟုတ်ပါဘူး။

အားထုတ်မူ ရင့်ကျက်သွားရင်တော့ အမှတ်ကိုလွှတ်ထားပြီး သိနေရုံနဲ့ ပြီးနိုင်ပါတယ်။ ဒါတောင် တစ်ချက်တစ်ချက် ကြိုးကြား ကြိုးကြား အမှတ်လိုက်ပေးရပါသေးတယ်။ အမှတ်နဲ့ ထိန်းပေးထားမှ အသိက ခိုင်မြဲပါတယ်။

ဘာပဲဖြစ်ဖြစ် လိုရင်းပြောချင်တာကတော့ အချိန်တိုင်း စိတ်ချမ်းသာချင်ရင် အချိန်တိုင်း အမှတ်နဲ့နေပါ။ အလုပ်တိုင်း စိတ်ချမ်းသာချင်ရင် အလုပ်တိုင်း အမှတ်နဲ့လုပ်ပါ။

အမှတ်နဲ့နေရခြင်း၊ အမှတ်နဲ့လုပ်ရခြင်းရဲ့ အရသာကို ကိုယ်တွေ့မျက်မှောက် သိသွားပြီဆိုရင် မမှတ်ဘဲ နေနိုင်မှာ မဟုတ်တော့ပါဘူး။ မမှတ်ဘဲ လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ “မမှတ်ရင် မနေနိုင်တာကလွဲလို့”ဖြစ်သွားပါလိမ့်မယ်။

လူတစ်ယောက်က “မမှတ်ရင် မနေနိုင်တာကလွဲလို့”လို့ အချိန်မရွေး ပြောနိုင်တဲ့အဆင့်အထိ အမှတ်သတိရဲ့ အရသာကို ခံစားရပြီဆိုရင် အဲဒီလူရဲ့ဘ၀ကို လူဖြစ်ရကျိုးနပ်တဲ့ဘ၀လို့ ကျိန်းသေ ပြောနိုင်ပါပြီ မမှတ်ရင်မနေနိုင်သူတွေ ဖြစ်ကြပါစေ။ အမှတ်သတိနဲ့ အမြဲနေနိုင်ကြပါစေ။

ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment