သာသနာ မည်ပုံ ...
သာသနာသည် သီလ၊ သမာဓိ၊ ပညာ -အားဖြင့် သုံးရပ်ရှိရာ …
« ကိုယ်ကျင့်သီလ ပြည့်စုံအောင် နေထိုင်ခြင်းသည် သီလသာသနာ မည်ပါသည်။
« စိတ်တည်ငြိမ် အေးချမ်းအောင် သမထဘာဝနာ ပွားများခြင်းသည် သမာဓိသာသနာ ဖြစ်ပါသည်။
« ရုပ်၊ နာမ် ဓမ္မ သင်္ခါရ - တို့ကို အမှန်အတိုင်း သိအောင် ရှုပွား အားထုတ်၍ ရုပ်၊ နာမ်တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသည် ပညာသာသနာ ဖြစ်သည်။
- သီလသာသနာက ဝိနည်းဥပဒေသ ကိုယ်ကျင့်တရားကို ပြပါသည်။
- သမာဓိသာသနာက ရပ်တည်နေထိုင်မှု နည်းစနစ်ကို ပြ၍
- ပညာသာသာနာက ဝေဖန်ဆင်ခြင် သုံးသပ်ခြင်းကို ပြပါသည်။
- သီလသာသနာက ကိုယ်၊ နှုတ်ကို ငြိမ်းချမ်းစေ၍
- သမာဓိသာသနာက စိတ်ကို ငြိမ်းချမ်းစေသည်။
- ပညာသာသနာက စိတ်ကို ဖြူစင်စေသည်။
တစ်နည်းအားဖြင့် …
၁။ စာပေ-ဟူသော ပရိယတ္တိ သာသနာ၊
၂။ လေ့ကျင့်အားထုတ်မှု-ဟူသော ပဋိပတ္တိ သာသနာ၊
၃။ မျက်မှောက်ပြုခြင်း-ဟူသော ပဋိဝေဓ သာသနာ … ဟူ၍ သုံးမျိုး ရှိ၏။ သာသနာတော် သုံးရပ်တွင် ပရိယတ်သည် သာသနာတော် တည်ခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။ ပရိယတ်ကို သင်ကြားပြီးမှ ပဋိပတ်၊ ပဋိဝေဓ နှစ်ပါးကို ပြည့်အောင် ဖြည့်နိုင်ကြလေသည်။
{အင်္ဂုတ္တိုရ်မှာ အဋ္ဌကထာ ဆရာကြီးများက မှာထားတာ ရှိပါတယ်။ ကျောက်ဖျာကြီးပေါ်မှာ
စာရေးပြီး ကျောက်ဖျာ အောက်မှာ (သိုက်) ရွှေအိုး မြှပ်ထားလိုက်တယ်၊ ကျောက်ဖျာပေါ်မှာ ရေးထားတဲ့စာ မပျက်သမျှ ကာလပတ်လုံး အောက်က (သိုက်) ရွှေအိုးကို အလွယ်တကူ ထုတ်ယူနိုင်သလို သံဃာတော်များ ပို့ချလေ့လာ သင်ယူနေတဲ့ ပရိယတ္တိ စာပေကျမ်းဂန်တွေ မပျောက်ပျက်ဘဲ တည်ရှိနေသမျှ ကာလပတ်လုံး ကျမ်းဂန်တွေက ညွှန်ပြတဲ့အတိုင်း လိုက်နာကျင့်သုံး ပွားများ အားထုတ်မယ်ဆိုလျှင် (သိုက်) ရွှေအိုးနဲ့တူတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရကြမှာ သေချာပါတယ်။}
--------------------------------------
** ဓမ္မ ဝိနယ **
မြတ်ဗုဒ္ဓ၏ စကားသည် ဝိမုတ္တိရသအားဖြင့် တစ်ပါးသာ ရှိ၏။ ဓမ္မ, ဝိနယအားဖြင့်ကား နှစ်ပါးအပြား ရှိ၏။
၁။ ဝိနယ ပိဋကတ်သည် ဝိနယ မည်၏။
၂။ ထိုမှတစ်ပါးသော ဗုဒ္ဓဝစန တို့သည် ဓမ္မ မည်၏။
ပထမသင်္ဂါယနာတင် အရှင်တို့သည် ‘ငါတို့သည် ဗုဒ္ဓ - ဝစန ဖြစ်သော ဓမ္မ - ဝိနယကို သင်္ဂါယနာတင်ကြရမူ ကောင်းလေစွ’ဟု အချင်းချင်း တိုင်ပင်ကြ၏။ သူတို့သည် သုတ္တန်နှင့် အဘိဓမ္မာ ကို ရောပြီး ဓမ္မဟု သိမ်းရုံးခေါ်လိုက်ကြ၏။ ဓမ္မဝိနယ ဆိုလျှင်လည်း ဗုဒ္ဓဝစန အလုံးစုံကို အကုန်ခြုံမိ၏။
-------------------------------------
*** ဗုဒ္ဓ ဝစန ***
မြတ်ဗုဒ္ဓ စကားသည် ပထမ၊ မဇ္ဈိမ၊ ပစ္ဆိမ အစွမ်းအားဖြင့်ကား သုံးပါးအပြား ရှိ၏။
(၁) ပထမ ဗုဒ္ဓ ဝစန - ရှေးဦးစွာ ဘုရားစကား၊
- (ဘုရားအဖြစ်သို့ ရောက်သောအခါ ဝမ်းမြောက်ရွှင်မြူး ကြည်နူးလှသဖြင့် ရင့်ကျူးလိုက်သော မင်္ဂလာအတိပြီးသော ဥဒါန်းစကား။ “အနေကဇာတိ …. ခယမဇ္ဈဂါ” )
- (ပထမ ဗုဒ္ဓဝစနမှ နောက်ဆုံး ဗုဒ္ဓဝစန တိုင်အောင် အလယ်စပ်ကြား၌ မြတ်ဗုဒ္ဓ မြွတ်ကြားသမျှသော စကား။)
- (မဟာပရိနိဗ္ဗာန်ပြုခါနီး ဘုရားရှင်တိုင် မိန့်ကြားတော် မူခဲ့သော နောက်ဆုံး စကား။ “ဟန္ဒ ဒါနိ ….. သမ္ပဒေထ” )
*** ဗုဒ္ဓဓမ္မ ၏ မူလသဘာဝ ***
(၁) သဗ္ဗံ အနိစ္စံ - အလုံးစုံ အမြဲ မရှိ။
(၂) သဗ္ဗံ အနတ္တံ - အလုံးစုံ အတ္တ ကင်း၏။
(၃) နိဗ္ဗာနံ သန္တံ - နိဗ္ဗာန်သည် အေးမြ၏။
--------------------------------------
** ဒေသနာတော် **
သာသနာသည် မြတ်ဗုဒ္ဓ ဟောကြားတော်မူသော ဒေသနာများ ဖြစ်သဖြင့် ဒေသနာတော်-ဟုလည်း ခေါ်ဆိုပါသည်။ ဒေသနာသည်ကား သဒ္ဒပညတ် တည်း။ သဘောအလျောက် သဘောကို ဟောခြင်း-ဟု အဓိပ္ပါယ်ရ၏။
(၁) ယထာနုလောမ ဒေသနာတော် - သတ္တဝါတို့ တရားအလင်း ရရှိစေရန် တစ်ဦးချင်းစီ၏ အကြိုက် စရိုက်နှင့် အညီ ဥပမာအမျိုးမျိုးဖြင့် ဟောကြားတော်မူခြင်း။
(၂) ယထာဓမ္မ ဒေသနာတော် - နက်နဲ၍ လူသာမန်တို့ နားလည်ဖို့ ခက်ခဲသော သဘာဝ ဓမ္မတို့ကို အယူအဆ မှန်ကန်စေရေးအတွက် ဟောကြားတော်မူခြင်း။
(၃) ယထာပရာဓ ဒေသနာတော် - တပည့်ရဟန်းတို့ကို အကြောင်းအပြစ်အားလျော်စွာ ခွင့်ပြု ပညတ်တော်မူခြင်း။ …
ဟူ၍ သုံးမျိုး ရှိပါသည်။
------------------------------------
*** ပိဋက သုံးပုံ ***
ပိဋက အားဖြင့် …
၁။ ယထာနုလောမ ဒေသနာတော် သည် သုတ္တန္တ ပိဋက၊
၂။ ယထာဓမ္မ ဒေသနာတော် သည် အဘိဓမ္မာ ပိဋက၊
၃။ ယထာပရာဓ ဒေသနာတော် သည် ဝိနယ ပိဋက၊ … ဟူ၍ ပိဋက (၃)ပုံ ရှိပါသည်။
* သုတ္တန် ပိဋက (၃) ကျမ်း
၁။ သီလက္ခန္ဓဝဂ္ဂ (သုတ် သီလက္ခန် - ၁၃ သုတ်)၂။ မဟာဝဂ္ဂ ( သုတ် မဟာဝါ (ဝါ) မဟာဝဂ္ဂ - ၁၁ သုတ်)
၃။ ပါထိကဝဂ္ဂ ( သုတ် ပါထေယျ (ဝါ) ပါထိကဝဂ္ဂ )
* အဘိဓမ္မာ ပိဋက (၇) ကျမ်း
၁။ ဓမ္မသင်္ဂဏီ (စိတ်ဖြစ်ခြင်းတို့ကို ရေတွက်ပြသော အဘိဓမ္မာ၏ မာတိကာ ဖြစ်သောကျမ်း)၂။ ဝိဘင်္ဂ = ဝိဘင်း (ခွဲခြမ်း ဝေဖန်ခြင်း)
၃။ ဓာတုကထာ (ခန္ဓာ၊ အာယတန၊ ဓာတ်၊ သတိပဋ္ဌာန်၊ ဗိုလ်၊ ဣနြေ္ဒ စသည်တို့ကို ဖွင့်ဆိုထားသောကျမ်း)
၎။ ပုဂ္ဂလပညတ္တိ (အမျိုးမျိုးသော ဇီဝတို့၏ ဥဒါဟရုဏ်ပုံစံနှင့် အကျယ် ဝေဖန်သောကျမ်း)
၅။ ကထာဝတ္ထု (၁၈-ပါးသော သမ္ပဒါ (ခေါ်) နိကာယ(ဂိုဏ်း)တို့တွင် ဝိဝါဒ ဖြစ်သော အချက်အလက်တို့ကို လှပသော အစီအစဉ်ဖြင့် ရှင်းလင်းပြသော၊ ဗုဒ္ဓ ဓမ္မသမိုင်းကို လေ့လာရန်အတွက် အကောင်းဆုံးကျမ်း)
၆။ ယမက (ယုံမှားသံသယ ဖြစ်နေသည်များကို ပယ်ဖျောက်ရန်အတွက် ပြဿနာ နှစ်မျိုးနှင့် အဖြေနှစ်မျိုးကို တင်ပြထားသော ကျမ်း)
ရ။ ပဋ္ဌာန (ဧက၊ ဒုက၊ တိကဟု ၃-မျိုး၊ ဟေတု စသော ၂၄-ပါးသော ဆက်စပ်ခြင်းဖြင့် ကြောင်းကျိုးဆက်စပ်ပြသော ကျမ်း)
* ဝိနယ ပိဋက (၅) ကျမ်း
၁။ ပါရာဇိက = ပါရာဇိကကဏ္ဍ = ပါရာဇိကဏ်ပါဠိ၂။ ပါစိတ္တိယ = ပါစိတ် ပါဠိ
၃။ မဟာဝဂ္ဂ = ဝိနည်းမဟာဝါ ပါဠိ
၎။ စူဠဝဂ္ဂ = စူဠဝါ ပါဠိ
၅။ ပရိဝါရ = ပရိဝါ ပါဠိ
* နက်နဲခြင်း ဂမ္ဘီရ
ပိဋကတ် သုံးပုံတွင် တစ်ပုံ တစ်ပုံသော ပိဋက၌ နက်နဲခြင်း ဂမ္ဘီရ အပြား (၄)ပါးစီ အသီးသီး ရှိကုန်၏။(၁) ဓမ္မ - ပါဠိ (အကြောင်း ဟေတု)
(၂) အတ္ထ - အနက် (အကျိုး ဟေတုဖလ - အတ္ထပဋိသမ္ဘိဒါ)
(၃) ဒေသနာ - ဟောခြင်း (သဒ္ဒပညတ်) နှင့်
(၄) ပဋိဝေဓ - လောကီ, လောကုတ္တရာ-သိတတ်သောဉာဏ် (ဓမ္မ ပဋိသမ္ဘိဒါ)… တို့ ဖြစ်ကြသည်။
-------------------------------
*** နိကာယ် ငါးရပ် ***
ဒေသနာတော်များအား အမျိုးအစားတူမျှရာ ပေါင်းစု ဖွဲ့စည်းထားခြင်းကို “နိကာယ်” ဟု ခေါ်သည်။ နိကာယ်-ဟူသော စကားမှာ နိကာယ ဟူသော ပါဠိစကားပင် ဖြစ်၏။ အဓိပ္ပါယ်မှာ အပေါင်းအစု ဖြစ်၏။
၁။ ဒီဃနိကာယ် (ရှည်လျားသော အကြောင်းအတ္ထုပ္ပတ်တို့ဖြင့် ဟောကြားတော်မူသော သုတ္တန်ဒေသနာတော်များ)
၂။ မဇ္ဈိမနိကာယ် (အလယ်အလတ်ဖြစ်သော အကြောင်းအတ္ထုပ္ပတ်တို့ဖြင့် ဟောကြားတော်မူသော သုတ္တန်ဒေသနာတော်များ)
၃။ သံယုတ္တနိကာယ် (အကြောင်း အတ္ထုပ္ပတ် စပ်ယှဉ်သောအားဖြင့် ဟောကြားတော်မူသော သုတ္တန်ဒေသနာများ)
၎။ အင်္ဂုတ္တရနိကာယ် (တစ်ပါး၊ နှစ်ပါး စသော အင်္ဂါ အရေအတွက်အားဖြင့် တိုး၍၊ လွန်၍ ဟောကြားတော်မူသော သုတ္တန်ဒေသနာများ)
၅။ ခုဒ္ဒကနိကာယ် (အကြောင်းအတ္ထုပ္ပတ် တိုတိုဖြင့် ဟောကြားတော်မူသော သုတ္တန်ဒေသနာတော်နှင့် ဝိနည်း၊ အဘိဓမ္မာတရားတော်များ)
(၁) ဒီဃ နိကာယ
ဤတွင်
ရှည်လျားသော သုတ်တို့၏ အပေါင်းအစုများ ပါဝင်၏။ ဤနိကာယ်ကို တစ်ဖန် သုံးစု
ထပ်၍ ခွဲလေသည်။ ယင်းကို ဝဂ္ဂ ဟုခေါ်သည်။ ဝဂ္ဂ၏ အဓိပ္ပါယ်မှာလည်း အစု ပင်ဖြစ်၍
မြန်မာတို့ကို ဝဂ်-ဟု ခေါ်ဆိုကြသည်။ ထိုဝဂ္ဂ သုံးခုမှာ သုတ္တန္တ ပိဋက ဖြစ်သော
သုတ်သုံးကျမ်းပင် ဖြစ်သည်။
(၂) မဇ္ဈိမ နိကာယ
အလယ်အလတ်ဖြစ်သော ၁၅၂-သုတ်တို့၏ အပေါင်းအစု ဖြစ်၏။ ယင်းတွင် သစ္စာ၊ ကံ၊
ဈာန်၊ သမာဓိနှင့် အတ္တဝါဒ အကြောင်းတို့ကို ကောင်းစွာ ဖွင့်ဆိုထားလေသည်။
စကားပြေအသွင်ဖြင့် ဟောပြသော သုတ်တို့ ဖြစ်၍ အလွန် စိတ်ဝင်စားဖွယ်
ဖြစ်လေသည်။ယင်းနိကာယ်၌ ပါရှိသော သုတ်များကို သုတ် ၅၀လျှင် တစ်ကျမ်း ပြုကာ ၃ကျမ်း ခွဲခြား သတ်မှတ်ထား၏။ ရှေးဦး အစဖြစ်သော သုတ် ၅၀ကို မူလပဏ္ဏာသ၊ အလယ်ဖြစ်သော သုတ် ၅၀ကို မဇ္ဈိမပဏ္ဏာသ၊ နောက်ဆုံးသုတ် ၅၂-သုတ်ကို ဥပရိပဏ္ဏာသ ဟု အသီးသီးအမည်ပေးကာ ခွဲခြားထား၏။ ပဏ္ဏာသ ဆိုသည်မှာ ၅၀ ဖြစ်သော်လည်း နောက်ဆုံး ပဏ္ဏာသမှာ သုတ်ပေါင်း ၅၂ သုတ် ပါဝင်နေသည်။
(၃) သံယုတ္တ နိကာယ
ယင်းတွင်
ပုဂ္ဂိုလ်အားဖြင့် လည်းကောင်း၊ ဓမ္မအားဖြင့် လည်းကောင်း၊ သဘာဝအားဖြင့်
လည်းကောင်း တူသော သုတ်တို့ကို ပူးပေါင်း ဖော်ပြထား၏။
ပူးတွဲဖက်စပ်ခြင်းကိုပင် သံယုတ္တ၊ သံယုတ်-ဟု ခေါ်၏။ ယင်းသံယုတ်ကိုပင် တစ်ဖန်
သဂါထာဝဂ္ဂသံယုတ်၊ နိဒါနဝဂ္ဂသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ်၊ သဠာယတနဝဂ္ဂသံယုတ်နှင့်
မဟာဝဂ္ဂသံယုတ်-ဟူ၍ ၅ ကျမ်း ခွဲထားပြန်လေသည်။ ဤတွင် ဟောကြားသော
ဓမ္မတရားတို့ကို ကျမ်းအမည်ဖြင့်ပင် မှန်းဆနိုင်၏။ ဤသံယုတ် ၅-ကျမ်းတွင်
သုတ်ပေါင်း ၇၇၆၂ သုတ်မျှ ပါဝင်၏။ ဗုဒ္ဓဓမ္မကို လေ့လာရာ၌ ဤနိကာယ်မှာ
အဘိဓာန်သဖွယ် ဖြစ်၍ လွန်စွာလည်း ကြည်နူးဖွယ် ကောင်းလှပေသည်။
(၄) အဂုၤတၱရ နိကာယ
တစ္ပါးက
စ၍ ၁၁-ပါးအထိ အင်္ဂါတစ်စုစီ ကျော်လွန် ပိုမို ဖော်ပြထားရာ ဗုဒ္ဓဝစန
၁၁-မျိုးတို့ကို အဂုင်္တ္တရ နိကာယ်ဟု ခေါ်လေသည်။ ဤနိကာယ်သည် ဗုဒ္ဓဝါဒစွယ်စုံလည်း
ဖြစ်၏။ ဗဟုသုတပဒေသာဟုလည်း ဆိုနိုင်၏။ မြန်မာ့ယဉ်ကျေးမှု၏ ရေစီးကြောင်းလည်း
ဖြစ်၏။ ကြီးပွားရေး၊ စီးပွားရေး၊ လူမှုရေး-စသော အရေးမျိုးစုံ၊ အင်အားဗလ
အဖုံဖုံတို့ကို စနစ်တကျ နည်းမှန်လမ်းမှန် သဘာဝကျကျ ညွှန်ပြသော နိကာယ် ဖြစ်၏။
(၅) ခုဒ္ဒက နိကာယ
အတိုင်းအရှည် ပမာဏအားဖြင့် တိုသော သုတ်များကို စုပေါင်းထားသောကြောင့်
ခုဒ္ဒကနိကာယဟု ခေါ်ခြင်း ဖြစ်၏။ အမည်မှာ ငယ်သော်လည်း ကျမ်းအရေအတွက်
အများဆုံးနှင့် တရားသဘော အစုံဆုံး ပါရှိသော နိကာယ် ဖြစ်၏။ ယင်းတွင် ဝိနည်း
၅-ကျမ်းနှင့် အဘိဓမ္မာ ၇-ကျမ်းလုံး ပါဝင်ပြီး သုတ္တန်မှ ကျမ်းပေါင်း
၁၅-ကျမ်း ပါဝင်၏။ မိလိန္ဒပဥှာ၊ နေတ္တိ နှင့် ပေဋကောပဒေသ-ကို ထည့်ပါမူ
၁၈-ကျမ်း ဖြစ်၏။ သို့ရာတွင် အနောက်တိုင်း ဗုဒ္ဓဝါဒီတို့သည် ဤ ၃-ကျမ်းကို
ပင်မဗုဒ္ဓဝစန အနေဖြင့် ရေတွက်ခြင်း မပြုကြချေ။ခုဒ္ဒက နိကာယ်၏ သင်ခန်းစာနှင့် အဖွင့် (၁၅) ကျမ်း ရှိ၏။
ယင်းတို့မှာ …
(၁) ခုဒ္ဓကပါဌ - ဗုဒ္ဓ အခြေခံကျမ်း (၉) ခု ပါဝင်၏။
(၂) ဓမ္မပဒ - နီတိနှင့် အကျင့်စရိုက် ကောင်းမွန်ရေး သင်ခန်းစာ ဂါထာပေါင်း (၄၂၃) ပုဒ် ပါဝင်၏။
(၃) ဒါန - မြတ်ဗုဒ္ဓ၏ ဥဒါန်းစကား အစုဝဂ်ပေါင်း (၈) ခု ပါဝင်၏။
(၄) ဣတိဝုတ္တ - ဥပမာတို့ဖြင့် သင်ခန်းစာကို နှလုံးသားရောက်အောင် ပို့သော အင်္ဂါငယ်ပေါင်း (၁၁၂) ခု ပါဝင်၏။
(၅) သုတ္တနိပါတ - ဗုဒ္ဓဓမ္မအယူဝါဒနှင့် ပတ်သက်သော ဝဂ် (၅)-ခု၊ သုတ် (၇၂)-သုတ် ပါဝင်၏။
(၆) ဝိမာနဝတ္ထု၊ (၇) ပေတဝတ္ထု - ဗုဒ္ဓ၏ တမလွန်လောကနှင့် ပတ်သက်သော အယူအဆများ ပါဝင်၏။
(၈) ထေရဂါထာ - အမျိုးသားရဟန်း(ဘိက္ခု)နှင့် ပတ်သက်သော ကဗျာပေါင်း (၁၀၇)ပုဒ် ရှိ၍ ဂါထာပေါင်း (၁၂၇၉) ခု ပါဝင်၏။
(၉) ထေရီဂါထာ - အမျိုးသမီးရဟန်း (ဘိက္ခုနီ) နှင့် ပတ်သက်သော ကဗျာပေါင်း (၇၃)ပုဒ် ရှိ၍ ဂါထာပေါင်း (၅၂၂) ခု ပါဝင်၏။
(၁၀) ဇာတက - ဗုဒ္ဓ၏ ရှေးဘဝနှင့် ဆက်စပ်သော ဇာတ်လမ်း (၅၅၀)ခန့် ပါဝင်၏။
(၁၁) နိဒ္ဒေသ - ဗုဒ္ဓ၏ ကိုယ်စား အရှင်သာရိပုတ္တရာ ဟောသော အဖြေရေးနည်း နိသျည်း (ဋီကာဗျာချာ) ဖြစ်၏။
(၁၂) ပဋိသဗ္ဘိဒါမဂ္ဂ - ခွဲခြားစိတ်ဖြာ ဝေဖန်သော လမ်းစဉ်ဉာဏ် ပြသော အပိုင်းကြီး (၃) ပိုင်း ပါဝင်၏။
(၁၃) အပဒါန - အကြောင်းအတ္တုပတ္တိ အကောင်းအဆိုး အဖြစ်အပျက်ကို ဆိုသော အပဒါန် ဖြစ်၏။
(၁၄) ဗုဒ္ဓဝံသ - ပွင့်တော်မူကုန်သော ဗုဒ္ဓတို့၏ အတ္ထုပတ္တိတို့ကို ဂါထာဖြင့် ဟောထားသော ဗုဒ္ဓဝင် ဖြစ်၏။
(၁၅) စရိယာပိဋက - ဘုရားလောင်း ကျင့်ဆောင်ခဲ့သော ပါရမီတို့ကို ဖွင့်ဆိုခြင်း ဂါထာတို့ကိုပြသော (၃၅)-ဇာတ်ဖြင့် ပါဝင်၏။
-----------------------------------------
** အင်္ဂါ (၉) တန် **
အစိတ်အပိုင်းအားဖြင့် ဝေဖန်အပ်သော ဒေသနာတော်သည် အင်္ဂါ အားဖြင့် ၉ - တန် ရှိလေသည်။
၁။ သုတ်-အမည်အားဖြင့် ဟောကြားအပ်သော သုတ္တ၊
၂။ ဂါထာ-ဖွဲ့ဆိုသောအားဖြင့် ဟောကြားအပ်သော ဂေယျ၊
၃။ အများအားဖြင့် ဂါထာမပါဘဲ စိတ်ဖြာ ခွဲခြမ်း၍ ဟောကြားအပ်သော ဝေယျာကရဏ၊
၎။ ဓမ္မပဒ-စသည်ဖြင့် ဂါထာသက်သက် ဟောကြားအပ်သော ဂါထာ၊
၅။ ဝမ်းမြောက်ခြင်း စသည်နှင့် စပ်လျဉ်း၍ ဥဒါန်းကျူးရင့် ဟောကြားအပ်သော ဥဒါန်း၊
၆။ မြတ်စွာဘုရား စကားတော်မြတ်ကို ကိုးကား၍ ဟောကြားအပ်သော ဣတိဝုတ်၊
၇။ ရှေးဘဝများစွာတို့၌ ဖြစ်ဖူးသော အတ္ထုပ္ပတ်တို့ကို ဟောကြားခြင်း ဇာတက၊
၈။ အံ့သြဖွယ် အကြောင်းအရာများကို ဟောကြားခြင်း အဗ္ဘုတဓမ္မ၊
၉။ နှစ်သက် ဝမ်းမြောက်ခြင်းနှင့် စပ်လျဉ်း၍ မေးအပ်သော ပုစ္ဆာများကို ဖြေကြားခြင်း ဝေဒလ္လ - အားဖြင့် အင်္ဂါ ကိုးတန် ရှိပါသည်။
** အပိုင်းအခြား ***
ထို့ပြင် ရွတ်ဖတ်သရဇ္ဈာယ်သော အပိုင်းအခြား အားဖြင့် …(ဘာဏဝါရ) အားဖြင့် ၁,၁၈၃၊
(တရား) အမျိုးအစုအပေါင်းအားဖြင့် ၈၄,၀၀၀၊
(အက္ခရာ) ခန့်မှန်းခြေအားဖြင့် ၉,၄၆၄,၀၀၀ ရှိကြောင်း သိရပါသည်။
*** ဓမ္မက္ခန္ဓာ ***
ဓမ္မက္ခန္ဓာ
အစွမ်းအားဖြင့် ၈၄,၀၀၀ အပြား ရှိ၏။ အနုသန္ဓေ တစ်ခုရှိသော သုတ်သည် ဓမ္မက္ခန္ဓာ
တစ်ခုမည်၏။ ဓမ္မက္ခန္ဓာ ၈၂,၀၀၀ တို့သည် မြတ်ဗုဒ္ဓမှ လာ၏။ ဓမ္မက္ခန္ဓာ ၂,၀၀၀
တို့သည် အရှင်သာရိပုတ္တရာထံမှ လာ၏။ အနုသန္ဓေများသော သုတ်၌ အနုသန္ဓေ၏
အစွမ်းဖြင့် ဓမ္မက္ခန္ဓာ အရေအတွက် ရှိ၏။ မဟာသတိပဋ္ဌာနသုတ်သည်ကား အနုသန္ဓေ တစ်ခုသာ
ရှိသည်။ မဟာပရိဗ္ဗာနသုတ်ကား အထူးထူးသောအရပ်၊ အထူးထူးသော ဒေသနာတို့ဖြင့်
အနုသန္ဓေ အထူးထူး ရှိသည်။ဂါထာဗန္ဓတို့၌ ပဥှာမေးခြင်းသည် ဓမ္မာက္ခန္ဓာတစ်ခု၊ အဖြေ ဝိဿဇ္ဇနာသည် တစ်ခုမည်၏။ အဘိဓမ္မာ၌ တစ်ပါးတစ်ပါးသော တိက်, ဒုက် တို့ကို ခွဲဝေခြင်း၊ တစ်ပါးတစ်ပါးသော စိတ်၏ ဝါရကို ခွဲဝေခြင်းသည် တစ်ပါးတစ်ပါးသော ဓမ္မက္ခန္ဓာ မည်၏။ ဝိနည်း၌ ဝတ္ထု၊ မာတိကာ၊ ပဒဘာဇနီ၊ အန္တရာပတ္တိ၊ အနာပတ္တိ၊ တိက်၏ အပိုင်းအခြား စသည်တို့တွင် တစ်ပါးတစ်ပါးသော အဖို့သည် တစ်ပါးတစ်ပါးသော ဓမ္မက္ခန္ဓာ မည်၏ဟု သိအပ်၏။
*** အံ့ဖွယ် (၈) ဖြာ ***
သာသနာတော်ကြီးကို မဟာသမုဒ္ဒရာကြီး၏ အံ့ဖွယ် ရှစ်ဖြာနှင့် ခိုင်းနှိုင်းတင်စား ဟောကြားတော်မူခဲ့ပါသည်။ ယင်းတို့မှာ …(၁) အနုပုဗ္ဗသိက္ခာ သာသနာ - မဟာသမုဒ္ဒရာကြီးသည် အစဉ်အတိုင်း နက်ရှိုင်းသကဲ့သို့ သရဏဂုံ မှစ၍ သီလ၊ သမာဓိ၊ ပညာ (တစ်နည်း) ငါးပါးသီလ၊ ဥပုသ်သီလ၊ ဗောဓိပက္ခိယတရား၊ မဂ်, ဖိုလ်, နိဗ္ဗာန် အားဖြင့် အစဉ်အတိုင်း တဖြည်းဖြည်း နက်ရှိုင်းသွားသော သဘော၊
(၂) ဝေလာမတိက္ကမ သာသနာ - မဟာသမုဒ္ဒရာကြီးသည် ကမ်းကို မလွန်သကဲ့သို့ မြတ်ဗုဒ္ဓ ပညတ်ထားတော်မူသည့် သိက္ခာပုဒ် ဝိနည်းတော် ကို တပည့်ကောင်း သာဝကတို့မှာ အသက်-ဟူသော အကြောင်းကြောင့်ပင် လွန်၍ မကျင့်သော သဘော၊
(၃) ဒုဿီလဥက္ခိပန သာသနာ - မဟာသမုဒ္ဒရာကြီးသည် အကောင်ပုပ်ကို လှိုင်းဖြင့် ရိုက်ပုတ်ထုတ်သကဲ့သို့ သာသနာ၏ အမှိုက်သရိုက်, အတွင်းပုပ်, ပါပညစ်ခေါင်, အကျင့်သီလ မကောင်းသူ ရဟန်းယောင်တို့အား ရှည်ကြာလေးမြင့် လက်မခံတတ်သော သဘော၊
(၄) ဧကနာမ သာသနာ - မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ လာလာသမျှ ရေအပေါင်းတို့သည် အမည်ဟောင်းကို စွန့်၍ သမုဒ္ဒရာရေ အမည်သာ ရသကဲ့သို့ အမျိုးလေးပါးတို့ ရဟန်းပြုလျှင် လူတန်းစား ခွဲခြားမှု မရှိ၊ ကိလေသာကို ငြိမ်းစေသူ မြတ်ဘုရား၏ သားတော် အဖြစ်ဖြင့် တစ်သားတည်းရှိသော သဘော၊
(၅) အနုနာပူရ သာသနာ - မိုးခေါင်လွန်းခြင်း၊ မိုးကောင်းလွန်းခြင်းကြောင့် မဟာသမုဒ္ဒရာရေမှာ လျော့နည်းခြင်း၊ လျှံတက်ခြင်းတို့ မရှိသကဲ့သို့ သာဝက များစွာ ပရိနိဗ္ဗာန် ဝင်စံကြခြင်းဖြင့် နိဗ္ဗာန်နဓာတ် ပြည့်လျှံ ယုတ်လျော့ခြင်း မရှိသော သဘော၊
(၆) ဧကရသ သာသနာ - မဟာသမုဒ္ဒရာရေသည် ငန်သော အရသာ တစ်ခုသာ ရှိသကဲ့သို့ ကိလေသာ ဘေးမှ ကင်းဝေးရာ သန္တိသုခ ဝိမုတ္တိရသ အလုပ်တစ်ခုတည်းသာ ရှိသော သဘော၊
(၇) ရတနာကရ သာသနာ - မဟာသမုဒ္ဒရာရေသည် ရတနာဆယ်ပါး၏ တည်ရာ ဖြစ်သကဲ့သို့ သတိပဋ္ဌာန် (၄)ပါး၊ ဣနြေ္ဒ, ဗိုလ် (၅)ပါး၊ ဗောဇ္ဈင် (၇)ပါး၊ မဂ္ဂင် (၈)ပါး တည်းဟူသော ဗောဓိပက္ခိယတရား (၃၇)ပါးစသော ရတနာများ ပြည့်လျှမ်းနေသော သဘော၊
(၈) မဟန္တဝါသ သာသနာ - မဟာသမုဒ္ဒရာသည် တိမိ စသော ကြီးစွာသော ငါးကြီးတို့၏ နေရာ ဖြစ်သကဲ့သို့ သောတာပန် အစရှိသော ကြီးမြတ်သည့် အရိယာ သူတော်စင် ပုဂ္ဂိုလ်ကြီးများ နေထိုင်ရာ ဌာနကြီးဖြစ်သော သဘော …..
တို့ကို လေးနက်စွာ သိမြင်သဘောပေါက် ရပါသည်။
‘လုလင်၊ ဤနေရာ၌ ငါသည် ခွဲခြားဝေဖန်၍ ဟောကြားလေ့ ရှိ၏။ တစ်ဖက်သတ်အားဖြင့် ဟောကြားလေ့ မရှိ’
(မဇ္ဈိမ၊ ပံ(ပြန်) သုဘသုတ်၊ ပိုဒ် - ၃၆၃)
မြတ်ဗုဒ္ဓ၏ ဒေသနာတော်သည် တစ်ဖက်သတ် အမြင်ဖြင့် တရားသေ ယူဆ ဟောကြားထားခြင်း မဟုတ်။ ခွဲခြား ဝေဖန် ပညာဉာဏ်ဖြင့် ဆင်ခြင်၍ ဟောကြားထားသော ဝိဘဇ္ဇဝါဒီ သာသနာတော် ဖြစ်ပါသည်။
-----------------------------------
မြတ်ဗုဒ္ဓစာပေ သင်ကြားနည်း
(၁) မြွေဖမ်း ဥပမာရှိသော သင်ခြင်း၊
(၂) သံသရာဝဋ်မှ ထွက်မြောက်ခြင်း အကျိုးရှိသော သင်ခြင်းနှင့်
(၃) ဘဏ္ဍာစိုးကဲ့သို့ သင်ခြင်း … တို့ ဖြစ်ကြသည်။
----------------------------------
မကြံအပ်သော တရား
(၁) ဗုဒ္ဓ ဝိသယ - မြတ်ဘုရားရှင်တို့၏ အရာ၊
(၂) ဣဒ္ဓိ ဝိသယ - တန်ခိုး၏ အရာ၊
(၃) ကမ္မ ဝိသယ - ကံကြမ္မာ၏ အကျိုး၊
(၄) လောက - သတ္တ, သြကာသ, သင်္ခါရ လောက ... ဤလေးပါးတည်း။
ဤမကြံအပ်, မကြံစည်နိုင်သော တရားတို့ကို ကြံသူသည် နှလုံးပျံ့လွင့်ခြင်း ဟူသော ရူးခြင်းအဖို့ ဖြစ်ရာ၏၊ ပင်ပန်းခြင်းအဖို့ ဖြစ်ရာ၏။
---------------------------------
ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံး ကိုယ်စိတ် နှစ်ဖြာ
ကျန်းမာ ချမ်းသာ ကြပါစေ ...
No comments:
Post a Comment