မြတ်ဗုဒ္ဓလက်ထက်တော်အခါ၌လည်း စမ္ပာမြို့တော်သည် ပိဋကစာပေ၌ အလွန်ထင်ရှား၏။ မြတ်ဗုဒ္ဓသည် ဝိနယပိဋက မဟာဝါပါဠိတော် စမ္ပေယျက္ခန္ဓက၌ ဝိနည်းပညတ်တော် မြောက်များစွာ ပညာတော်မူခဲ့သဖြင့် ဤစမ္ပာမြို့သည် အလွန်ထင်ရှားသော မြို့ဖြစ်ကြောင်း သိနိုင်၏။
စမ္ပာမြို့က ဂဂ္ဂရာရေကန်
ယင်း စမ္ပေယျက္ခန္ဓက၌ တေနခေါ ပန သမယေန ဗုဒ္ဓေါ ဘဂဝါ စမ္ပာယံ ဝိဟရတိ ဂဂ္ဂရာယ ပေါက္ခရဏိယာ တီရေ၊ တေန ခေါ ပန သမယေန ကာသီသု ဇနပဒေသု ဝါသဘ-ဂါမော ဟောတိ စသည်ဖြင့် ပါဠိတော်လာရှိ၏။
စမ္ပာမြို့ ဂဂ္ဂရာရေကန်မှာ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူစဉ် ကာသိတိုင်း ဝါသဘရွာ၌ သီတင်းသုံးတော်မူသော ကျောင်းအမြဲနေ အာဝါသိကရဟန်းဖြစ်သည့် ကဿပဂေါတ္တ မထေရ်ကို အာဂန္တုက ရဟန်းတော်များက တရားနှင့်မလျှော်ညီသော အဓမ္မကံ ဥက္ခေပနိယကံ(ကျောင်းမှနှင်ထုတ်သည့်ကံ) ဖြင့် ပြုကြသည်ကို သံသယ ရှိ၍ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူရာ စမ္ပာမြို့က ဂဂ္ဂရာရေကန်သို့ လာရောက်ပြီး မြတ်ဗုဒ္ဓအား အကြောင်းစုံလျှောက်ထားကြောင်း၊ ယင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ ဝိနည်းကံများစွာကို ဤစမ္ပာမြို့တော်မှာ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူစဉ် ပညတ်တော်မူခဲ့ကြောင်းကို ဝိနည်း မဟာဝါပါဠိတော် စမ္ပေယျက္ခန္ဒကို လေ့လာက သိရှိနိုင်ပါသည်။ ။
စမ္ပာမြို့သား ကောဠိဝိသ အရှင်သောဏမထေရ်အကြောင်း တစေ့တစောင်း
ထို့ပြင် ဤစမ္ပာမြို့တော်၌ ကောဠိဝိသ သောဏသူဌေးသား အကြောင်းကလည်း အလွန်စိတ်ဝင်စားစရာကောင်းလှ၏။ ထိုသူဌေသားလေးအကြောင်းကို ဝိနည်းမဟာဝါပါဠိတော် စမ္မက္ခန္ဓက၌ မှတ်တမ်းတင်ထား၏။ ယင်းပါဠိတော်မှာ တေန ခေါ ပန သမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ တေနခေါ ပန သမယေန ရာဇာ မာဂဓော သေနိယော ဗိမ္ဗိသာရော အသီတိယာ ဂါမသဟေဿသု ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေတိ။
တေနခေါ ပန သမယေန စမ္ပာယံ သောဏောနာမ ကောဠိဝိသော သေဌိပုတ္တော သုခုမာလော ဟောတိ၊ တဿ ပါဒတလေသု လောမာနိ ဇာတာနိ ဟောန္တိ။ စသည်ဖြင့် လာရှိ၏ ။
မြတ်ဗုဒ္ဓ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူစဉ် စစ်တပ်ကြီးမားစွာရှိသော မဂဓဘုရင် ဗိမ္ဗိသာရမင်းကြီးသည် သူ၏အင်္ဂတိုင်းနှင့်မဂဓ တိုင်း၌အတွင်းရှိ ရွာပေါင်း ရှစ်သောင်းတို့ကို အစိုးရ၏ ။ ထိုအချိန်ခါတုန်းက စမ္ပာမြို့တော်၌ ကောဠိဝိသမျိုးနွယ် သောဏမည်သော သူဌေးသားလေးသည် အလွန်နုညံ့သိမ်မွေ့လှ၏။ သူ၏ ခြေဖဝါးအပြင်တို့၌ မွှေးညှင်းတို့သည်ပင် ပေါက်ရောက်နေ၏။
ဗိမ္ဗိသာရမင်းကြီးသည် အင်္ဂတိုင်း မဂဓတိုင်းမှ ရွာပေါင်း ရှစ်သောင်းတို့ကို အသီးသီး ရွာသူကြီးခန့်အပ်အုပ်ချုပ်၏။ မင်းကြီးသည် ထိုရွာသူကြီး ရှစ်သောင်းတို့ကို တစ်စုံတစ်ခုသောကိစ္စဖြင့် စည်းဝေးစေကာ သောဏသူဌေးသားလေးကိုလည်း သူ၏ နန်းတော် ရှေ့မှောက်သို့ လာရောက်ခစားစေလိုကြောင်း တမန်တော်စေလွတ်ခဲ့၏။ သောဏသူဌေးသားလေး မင်းကြီးရှေ့မှောက်ရောက်လာ၍ မင်းကြီးရှေ့တွင် တင်ပလ္လင်ခွေထိုင်လျှင် မင်းကြီးသည် သောဏသူဌေးသားလေး၏ ခြေဖဝါး၌ ပေါက်ရောက်နေကုန်သော မွှေးညှင်းလေးများကို ကိုယ်တိုင်မြင်ပြီးနောက် ယင်း ရွာသူကြီး ရှစ်သောင်းတို့၏ ညီလာခံသဘင် အစည်းအဝေး၌ မင်းကြီးသည် ပစ္စုပ္ပန်အကျိုးတရားနှင့် စပ်သော လမ်းညွှန်ဆုံးမချက်များကို မိန့်ကြားပြီး တမလွန်ဘဝအကျိုးနှင့်စပ်သော ဆုံးမစကားများကို မြတ်ဗုဒ္ဓက သင်တို့အား ဟောလိမ့်မည်ဟု ဆိုကာ ရာဇဂြိုဟ်မြို့က ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးတော်မူသည့် မတ်ဗုဒ္ဓထံတော်သို့ စေလွှတ်လိုက်၏ ။
ထိုအချိန်တုန်းက ဘုရားရှင်အား အနီးနေ ဥပဌာကအဖြစ် အရှင်သာဂတမထေရ်က ပြုစုလုပ်ကျွေးနေ၏။ မှန်၏။ မြတ်ဗုဒ္ဓသည် ပထမဗောဓိ ဝါတော် (၂၀) အတွင်းမှာ အလုပ်အကျွေးရဟန်း အမြဲအတည်တကျ မရှိခဲ့ပေ။ (၈၀) သော မထေရ်ကြီးတွေထဲမှာ မြတ်ဗုဒ္ဓ၏ အလုပ်အကျွေး ဖြစ်ခဲ့ဖူးသူလည်း တပါးမျှ မရှိခဲ့ပေ။ (ယနေ့ခေတ်တွင် ရာထူးအဆင့်အတန်းအသီးသီး ရှိသော်လည်း သက်ဆိုင်ရာ ဆရာရှင်တို့အား လူတိုင်း လုပ်ကျွေးပြုစုတတ်သည့် အရည်ချင်းမျိုးတော့ မရှိတတ်ကြသည်ကို သတိပြုသင့်၏)။
ဝါတော်(၂၀) အတွင်းမှာ မြတ်ဗုဒ္ဓအား နာဂသမာလမထေရ်၊ နာဂိတမထေရ်၊ ဥပဝါဏမထေရ်၊ သုနက္ခတ္တမထေရ်၊ စုန္ဒမထေရ်၊ သာဂတမထေရ်၊ ရာဓမထေရ်၊ ဗောဓိမထေရ်၊ မေဃိယမထေရ်တို့က အဆင်သင့်သလို လုပ်ကျွေးပြုစုကြကြောင်းကိုလည်းကောင်း၊ အရှင်အာနန္ဒာမထေရ်သည် ပယ်ဆုလေးပါးနှင့် တောင်းဆုလေးပါးကို တောင်းပြီးမှ အမြဲတမ်း အလုပ်အကျွေး ဖြစ်သွားကြောင်းကို ပါဠိစာပေမှာ တွေ့ရ၏။ (အံ-ဌ၊ ပ၊ ၂၂၈-၂၃၀။ သဂါထာဝဂ္ဂသံယုတ် ဌ- ၂၃၇)။
ယခု ဗိမ္ဗိသာရမင်းကြီး၏ ရွာသူကြီး ရှစ်သောင်းတို့ ဘုရားရှင်ထံ သွားရောက်စဉ်က အရှင်သာဂတ မထေရ်သည် ဘုရားရှင်အား လုပ်ကျွေးနေခိုက် ဖြစ်၏။ ပရိတ်သတ်က မြတ်စွာဘုရားရှင်အား ဖူးတွေ့ချင်ကြောင်း လျှောက်ထားသောအခါ အရှင်သာဂတမထေရ်သည် မိမိတန်ခိုးဖြင့် ပရိတ်သတ်များ ကြည့်နေစဉ်အတွင်း စောင်းတန်းလှေခါးရင်းမှ ငုတ်လျှိုးပြီး ဘုရားရှင် သီတင်းသုံးတော်မူရာ သွားရောက်လျှောက်ထားလေ၏။ ယင်းအချင်းအရာကို မြင်သော ပရိတ်သတ်များသည် အရှင်သာဂတမထေရ်အား ပိုမိုကြည်ညိုသွားတော့၏။ ။
မြတ်စွာဘုရားကြွတော်မူလာပြီး ကျောင်းရိပ် သစ်ပင်အောက်မှာ ခင်းထားအပ်သော နေရာလေးမှာ သီတင်းသုံးတော်မူပြီး ပရိတ်သတ် ရွာသူကြီး ရှစ်သောင်းတို့အား တရားဟောစဉ် ပရိတ်သတ်များက မြတ်ဗုဒ္ဓတရားတော်၌ စိတ်အာရုံမရောက်ဘဲ အရှင်သာဂတမထေရ် တန်ခိုးဖြင့် မြတ်စွာဘုရားထံလာရောက်လျှောက်ထားသည့် အသွင်အပြင်ကိုပင် စိတ်အာရုံရောက်နေကြကြောင်း သိတော်မူသဖြင့် မြတ်ဗုဒ္ဓက အရှင်သာဂတမထေရ်အား ဆက်လက်ပြီး ပရိတ်ကြီးအား တန်ခိုးပြရန် အမိန့်ရှိသောအခါ အရှင်သာဂတမထေရ် တန်ခိုးအမျိုးမျိုးပြပြီးသည့်အဆုံး၌ အရှင်သာဂတမထေရ်က… တပည့်တော် သာဝကပါဘုရား---ဟု ဖြေကြားလျှောက်ထားမှ ရှစ်သောင်းသော ရွာသူကြီးများက "သာဝကသည်ပင် ဤမျှလောက်တန်ခိုးကြီးပါပေ၏။ ဆရာဘုရင်းဆိုလျှင် ပြောဖွယ်ပင်မရှိတော့ဟု" နှလုံးမူကာ မြတ်စွာဘုရားအား ပိုမိုကြည်ညိုသွားကြ၏ ။
ထိုရှစ်သောင်းသော ပရိတ်သတ်များလည်း တရားနာကြားရသဖြင့် တရားထူး ရကြကုန်၏။ ထိုစဉ် ကောဠိဝိသ သူဌေးသားလေးလည်း မြတ်ဗုဒ္ဓ၏ တရားတော်ကို နာကြားရဖြင့် ဘုရားရှင်ထံမှ အခြားသော ပရိတ်သတ်ထပြန်သွားကြသောအခါ ဘုရားရှင်ထံချဉ်းကပ်ပြီး ရဟန်းအဖြစ်ကို လျှောက်ထားတောင်းပန်ခဲ့၏။
အရှင်သောဏသည် ရဟန်းဖြစ်ပြီး စင်္ကြံလျှောက် တရားအားထုတ်တော်မူသောအခါ အလွန်နုညံ့သော ခြေဖဝါးပိုင်ရှင် အရှင်သောဏ၏ ခြေဖဝါးများ ပေါက်ပြဲကာ သွေးတို့ဖြင့် စင်္ကြံတစ်ခုလုံး သွေးအလိမ်းအလိမ်းကပ်လျက် သွားသတ်ရုံပမာဖြစ်နေသည့် အကြောင်းကို မြတ်ဗုဒ္ဓအား လျှောက်ထားသဖြင့် ဘုရားရှင်က အရှင်သောဏမထေရ်အား သနားတော်မူသောကြောင့် တစ်ထပ်လွှာ(ဧကပလာသိက) ဘိနပ်ကို ခွင့်ပြုတော်မူသောအခါ
အခြားရဟန်းတော်များက မြတ်စွာဘုရား…သောဏသည် လှည်းအစီး (၈၀) တိုက်မျှ ပစ္စည်းဥစ္စာတို့ကို စွန့်လွှတ်ကာ ရဟန်းဘဝရောက်မှ အလွှာဘိနပ်တို့၌ တပ်မက်နေသေးသည်ဟု စွပ်စွဲပြောဆိုကြသောကြောင့်
အရှင်သောဏမထေရ်က မြတ်စွာဘုရား သံဃာအားလုံးအား ခွင့်ပြုသည်ဖြစ်အံ့…တပည့်တော် သုံးဆောင်ပါအံ့၊ အကယ်၍ သံဃာအား ခွင့်မပြုတော်မူအံ့…တပည့်တော်လည်း မသုံးဆောင်ပါဟု လျှောက်ထားသဖြင့် မြတ်စွာဘုရားက အကြောင်းအားလျှော်စွာ သံဃာအား လွှာဖိနပ်ခွင့်ပြုတော်မူခဲ့။ ။
မှတ်ချက်။ ။ ဤသောဏမထေရ်အကြောင်းကို လေ့လာပါက အင်္ဂတိုင်း စမ္ပာမြို့တော်သည် မဂဓဘုရင် ဗိမ္ဗိသာရမင်းကြီး၏ လက်အောက်ခံနိုင်ငံဖြစ်၍ ယင်းအင်္ဂတိုင်း၏ ကျေးရွာများသည်လည်း မဂဓဘုရင်ဗိမ္ဗိသာရမင်းကြီးက ရွာအိမ်မှူးများကို အသီးသီးခန့်အပ်ကာ အုပ်ချုပ်ကြောင်း သိနိုင်၏။ ။
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
No comments:
Post a Comment