အရိုးပေါ်အရေတင်ဖြစ်ကာ ချိနဲ့နေသောခွေးမကြီးနှင့်
ခွေးလေးသုံးကောင်သည် ဦးစိုးနိုင်ကို ရန်သူလား၊ မိတ်ဆွေလားဟု
မခွဲခြားနိုင်သောအကြည့်ဖြင့် လှမ်းကြည့်နေကြသည်။ ရန်သူဖြစ်နေပါက
ထွက်ပြေးနိုင်စွမ်း မရှိတော့ပြီဖြစ်သဖြင့် အသေခံဖို့ရာသာရှိပေသည်။
ဦးစိုးနိုင်သည် သူ၏အာခေါင်ကို လက်ညှိုးထိုးကာ အသင့်ချထားသော
ဖက်ရွက်ကြီးပေါ်သို့ ထိုးအန်ချလိုက်သည်။
ခွေးမကြီးနှင့်
ခွေးလေးသုံးကောင်သည် အန်ဖတ်များကို အတင်းထိုးဟပ်စားလိုက်ကြရာ
ခဏနှင့်ကုန်သွားသည်။ ငါးရက်တိုင်တိုင် အစာနှင့် ပြတ်နေကြသော
သူတို့၏၀မ်းဗိုက်များသည် တစ်ကြိမ်စားရရုံနှင့် မတင်းတိမ်နိုင်ကြပေ။
ထို့ကြောင့် သူတို့၏ မျက်လုံးလေးစုံက ဦးစိုးနိုင်၏မျက်နှာကို
တိုင်ပင်မထားပဲ တစ်ပြိုင်တည်း စိုက်ကြည့်လျက်သား ဖြစ်နေကြသည်။
ထိုအဖြစ်ကို
ရိပ်မိသွားသော ဦးစိုးနိုင်က ဒုတိယအကြိမ်အန်ချပြီး ကျွေးလိုက်ပြန်သည်။
ထိုအချိန်တွင်လည်း မိသားစုလေးကောင် အလုအယက်စားကြရာခဏနှင့် ကုန်သွားပြန်သည်။
ထို့ကြောင့် တတိယအကြိမ် အာခေါင်ကို လက်ညှိုးထိုး အန်ချလိုက်ပြန်ရာ
ခွေးလေးကောင်စားကြပြန်သည်။ သို့သော် ဤအကြိမ်စားရာတွင် ဣနြေ္ဒရသွားသည်။
အလုအယက်မဟုတ်တော့။
ထို့ကြောင့် သူတို့အားရတင်းတိမ်သွားပြီကို ဦးစိုးနိုင်ရိပ်မိသွားသည်။
သူ့ဝမ်းထဲတွင်လည်း စားထားသော ထမင်းများ တစ်စေ့မျှမကျန်တော့ပေ။
နောက်ဆုံးအကြိမ် အန်ရာတွင် ပင်ပန်းလွန်းသဖြင့် သွေးစအနည်းငယ်ပင်
ပါလာသည်ကိုတွေ့ရသည်။
ထိုကုသိုလ်
ပြုပြီးသည်မှစ၍ ဦးစိုးနိုင်၏ လုပ်ငန်းများသည် တစ်ရှိန်ထိုး
အောင်မြင်လာခဲ့သည်။ သူပိုင်ကျောက်စိမ်းတွင်းမှ မထင်မှတ်ဘဲ
ပတ္တမြားများပင်ထွက်လာသဖြင့် စီးပွားရေးမှာ ထောင်တက်လာခဲ့သည်။
အလှူခံပုဂ္ဂိုလ် (၁၄)ယောက်တွင် တိရစ္ဆာန်များလည်းပါသည်။
တိရစ္ဆာန်တစ်ကောင်ကိုကျွေးလှူလျှင် ဘ၀တစ်ရာချမ်းသာကြောင်း “ဥပရိပဏ္ဏာသ
ပါဠိတော်၊ ဒက္ခိဏ၀ိဘင်္ဂသုတ်”တွင် ဘုရားရှင်ဟောကြားတော်မူထားသည်။
ဦးစိုးနိုင်၏
ဘာသာရေးနှင့် ပတ်သက်သော အလှူများမှာ သိန်းပေါင်းထောင်နှင့် ချီ၍ရှိပါသည်။
ဦးစိုးနိုင်ကို စာရေးသူ အထူးလေးစားမိသည်မှာ လူမူရေးနှင့် ပတ်သက်သော
နေရာများတွင် ထိရောက်စွာလှူတတ်မူကြောင့်ပင် ဖြစ်၏။ မြန်မာပြည်အတွက်
မဖြစ်မနေလိုအပ်နေသော လမ်းများ၊ တံတားများကို တတ်အားသမျှ
လှူဒါန်းနေသည်မှာလည်း သိန်းတစ်ထောင်ထက် နည်းမည်မဟုတ်ပေ။
မန္တလေးမြို့ရှိ
စိန်ပန်းဘက်သို့ တိုက်ရိုက်ပေါက်သော (၄၁)လမ်းမကြီးကို ဦးစိုးနိုင်က
သိန်းတစ်ရာ မတည်ပြီးလှူဒါန်းရာ ကားလမ်းချောကြီးပြီးသွားသည်မှာ မကြာသေးပေ။
ဤဒါနမျိုးကား ပါရန်ထိုက်သော ဒါနမျိုးပင်ဖြစ်၏။
သူ၏
လူမူရေးအလှူဒါနများစွာအနက်မှ မြန်မာတိုင်း အတုယူသင့်သည့်
လေးစားကြည်ညိုအားကျဖွယ်ရာ ဒါနတစ်ခုကို ဖော်ပြပါဦးမည်။
စစ်ကိုင်းမြို့နယ်တွင် အလွန်ဆင်းရဲနွမ်းပါးသော နောက်ကြည့်ကျွန်းအမည်ရှိ
ရွာလေးတစ်ရွာရှိသည်။ ထိုရွာလေးသည် ပစ္စည်းဥစ္စာသာမက ကိုယ်ကျင့်သီလ စာရိတ္တပါ
ဆင်းရဲသောရွာလေးဖြစ်သည်။
ဥစ္စာစည်းစိမ်ဆင်းရဲလို့ အပါယ်မကျ၊
ကိုယ်ကျင့်သီလဆင်းရဲမှ အပါယ်ကျသည်။
ဥစ္စာစည်းစိမ်ဆင်းရဲလို့ ဘယ်ပညာရှိ သူတော်ကောင်းကမှ အထင်မသေး၊
ကိုယ်ကျင့်သီလဆင်းရဲမှ အထင်သေးသည်။
စသော
အဆုံးအများကိုပေးမည့် ဆရာဘုန်းကြီးများသည် သူတို့ရွာတွင်မရှိ၊ အကြောင်းကား
နှစ်အတန်ကြာက မြစ်ရေတိုက်စားပြီး၊ ကမ်းပါးများပြိုရာ
သူတို့ရွာဦးကျောင်းနှင့် စေတီများ ရေထဲပါသွားခြင်းကြောင့်တည်း။
သူတို့အားကိုတကြီးလုပ်ကိုင် စားသောက်နေသော လယ်ယာကိုင်းကျွန်းများသည်
ကမ်းပြိုသည့်ထဲပါသွားသဖြင့် ဘာသာရေး၊ စီးပွားရေး၊ လူမူရေးအားလုံး
အောက်တန်းကျသွားတော့သည်။
ကိုယ်ပိုင်လယ်ယာများမရှိသဖြင့်
တခြားရွာမှလယ်များ၊ ကိုင်းများသို့ နေ့စားဝင်လုပ်ဖို့ ကြိုးစားကြသော်လည်း
ကရုဏာထားပြီး ခိုင်းမည့်လူကမရှိ။ “မရှိ၊ ခိုးနိုး”ဟူသောစကားကို
ဘုရားဟောပမာလက်ကိုင်ပြုပြီး ရေနစ်သူကို ၀ါးကူထိုးနေကြသည်။
သမ္မာအာဇီဝနည်းဖြင့် စားသောက်ရန်မလွယ်သောအခါ ခိုးဝှက်စားသောက်သော အဆင့်သို့
ရောက်လာကြသည်။
မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment