မြတ်ဗုဒ္ဓသည်
သမ္မာသမ္ဗောဓိဥာဏ်တော်ကို ဖြည်းဆည်းတော်မူခဲ့သော ပါရမီတော်အဟုန်တွေကြောင့်
ဗုဒ္ဓဂယာမြေမြတ်မဟာရှိ ဗောဓိပင်နှင့်ရွှေပလ္လင်၌ ရရှိတော်မူခဲ့သည်။
မြတ်ဗုဒ္ဓပွင့်ပေါ်တော်မူလာခြင်းသည် ကမ္ဘာသူကမ္ဘာသားတို့၏
ကောင်းကျိုးချမ်းသာအတွက်သာ ပွင့်ပေါ်တော်မူခဲ့၏။ သို့သော်မြတ်ဗုဒ္ဓသည်
သမ္မာသမ္ဗောဓိဥာဏ်တော်ရရှိရာ ဗောဓိပင်နှင့်ရွှေပလ္လင်တော်ကို
ကပ်ငြိတွယ်တာနေတော်မမူဘဲ ၄၉ ရက်ခန့်လောက်သာ ယင်းပတ်ဝန်းကျင်၌
သီတင်းသုံးတော်မူလျက် သတ္တဝါအများ ချမ်းသာစီးပွား
အကျိုးများမည့်နေရာများသို့သာလျှင် ဓမ္မခရီးဆက်ခဲ့ရပေသည်။
မြတ်ဗုဒ္ဓ၏
ပထမဦးဆုံး ဓမ္မခရီးကား ပဉ္စဝဂ္ဂီရဟန်း၅ ပါးတို့အား ဓမ္မစကြာတရားဦးဟောရန်
ရှေးဟောင်းဗာရာဏသီမြို့အနီး ယခုခေတ် ဆာရနတ်ခေါ်သော ဣသိပတန မိဂဒါဝုန်
တောရိပ်မြုံအရပ်ပင်ဖြစ်သည်။ ပဉ္စဝဂ္ဂီရဟန်း၅ပါးတို့သည် ဓမ္မစကြာနှင့်
အနတ္တလက္ခဏဒေသနာတော်များ ကြားနာခွင့်ရကြ၍ ဝိမုတ္တိအရသာကို
သောက်သုံးနိုင်ခဲ့ကြပေသည်။ ထိုရဟန်းတို့သည် မြတ်မြတ်ဗုဒ္ဓ၏ ဓမ္မခရီးကြောင့်
ပထမဆုံး အနှစ်နှစ် အလလက သူတို့ရှာဖွေနေကြသည့် ဓမ္မကို ခံစားသိနားလည်သူများ
ဖြစ်ကြပေသည်။
ထို့နောက်ဗာရာဏသီမြို့သား
ယသသူဌေးသားလည်း လောကီကာမဂုဏ်စည်းစိမ်အမျိုးမျိုး ခံစားနေရသော်လည်း
စိတ်ချမ်းသာမှုရှာမတွေ့နိုင်ဖြစ်နေသဖြင့် ရှင်တော်ဗုဒ္ဓထံရောက်လာပြန်သည်။
ယသသည်လည်း မြတ်ဗုဒ္ဓ၏ တရားရေအေး အမြိုက်ဆေးကို သောက်သုံးရလေသောကြောင့်
ဘဝလွပ်မြောက်မှုချမ်းသာကို ရရှိခဲ့ပြန်၏။
ထို့အပြင်
ယသ၏အခြားသူငယ်ချင်းလေးယောက်အုပ်စုသည်လည်း ယသအကြောင်းကြားသိရ၍ မြတ်ဗုဒ္ဓထံ
ရောက်လာပြန်ကြ၏။ ထိုသူငယ်ချင်းလေးယောက်တို့သည်
သူတို့၏ဘဝရည်မှန်းချက်ပန်းတိုင် ဘဝလွတ်မြောက်မှု ရရှိခဲ့ပြန်၏။
ယသနှင့်ယင်းသူငယ်ချင်းလေးယောက်တို့၏ ဘဝငြိမ်းချမ်းမှုရရှိကြသည်ဆိုသည့်
ဂုဏ်သီတင်းသည် အခြားသူငယ်ချင်းအယောက်၅၀ အကြားမှာရိုက်ခတ်လျက်ရှိ၏။
ထိုကြောင့်သူငယ်ချင်း ၅၀ တို့သည်လည်း မြတ်ဗုဒ္ဓထံ စိတ်နှလုံးချမ်းသာမှုအတွက်
ရောက်ရှိလာကြခြင်းဖြစ်သည်။ ထိုသူငယ်ချင်း ၅၀ တို့သည်လည်း
ဝိမုတ္တိရသခံစားကြရကုန်၏။ စင်စစ်ကား ယသ အပါအဝင် ယင်းသူငယ်ချင်း၅၅
ယောက်တို့သည် အတိတ်ဘဝတွေတုန်းက အုပ်စုဖွဲ့ကာ ယခုခောတ်ခေါ် ဗြဟ္မစိုရ်
နာရေးအသင်းတည်ထောင်လျှက် အားကိုးရာမဲ့သေသူတွေ ကိုယ်ဝန်ဆောင်နှင့်
သေဆုံးသွာသည့်အမျိုးသမီးအလောင်းတွေကို မီးသဂြိုဟ်ပေးကာ အသုဘသညာများ
သူတို့သန္တာန်၌ရရှိခဲ့ကြသောကြောင့် ကချေသည်တွေ ရှု့၍မညီးချစ်ဇနီးတွေအလယ်မှာ
ကာမဂုဏ်စည်းစိမ်အပြည့်ခံစားရလင့်ကစား စိတ်မပျော်ရွှင်နိုင်ကြဘဲ
စိတ်ချမ်းသာရာ ရှာဖွေကြခြင်းဖြစ်သည်။ ယင်းအတိတ်ဘဝက
နာရေးကူညီခဲ့မှု ကုသိုလ်အထောက်အပံ့ အသုဘသညာများကြောင့်ပင်
တရားထူမြန်မြန်ရကြလေသည်။ သူငယ်ချင်းအားလုံး မြတ်ဗုဒ္ဓထံတော်မှာ
ရဟန်းပြုခဲ့ကြလေသည်။
မြတ်ဗုဒ္ဓသည်
ပထမဝါတော်ကို ဣသိပတနမိဂဒါဝုန်တော နန္ဒိယသူဌေးဆောက်လုပ်လှူဒါန်းသော
ကျောင်းတော်မှာ ဝါဆိုဝါကပ်တော်မူရင်း အရည်ချင်းပြည့်ဝသည့်
အားလုံးရဟန္တချည်းဖြစ်သည့် ရဟန်းတော်၆၀ကို သံဃအဖွဲ့အစည်းကြီးအတွက်
အောင်မြင်စွာဓမ္မခရီးဆက်နိုင်ခဲ့သည်။ ခေတ်စကားနှင့်ဆိုလျှင် အောင်မြင်စွာ
ဓမ္မနည်းလမ်းဖြင့် စည်းရုံးနိုင်ခဲ့သည်။ သုညာဂါရေ အဘိရမန္တိ တထာဂတာ
ဆိုသည့်အတိုင်း မြတ်ဗုဒ္ဓသည် တောမှာပင် ဖွားမြင်တော်မူ၊ တောမှာပင်
ဘုရားဖြစ်၊ တောမှာပင် တရားဟော၊ တောမှာပင် ပရိနိဗ္ဗာန်စံတော်မူ၍
တောမှာပင်ပျော်မွေ့တော်မူလင့်ကစား မြတ်ဗုဒ္ဓကိုယ်တော်တိုင်
လူအများအကျိုးကျေးဇူးများသည့် နေရာများ၌သာ သီတင်းသုံးတော်မူခဲ့သည်။
နှစ်စဉ်ဝါတွင်းသုံးလပတ်လုံး
တစ်နေရာတည်းတွင် သီတင်းသုံးဝါဆိုဝါကပ်တော်မူသော်လည်း များသောအားဖြင့်
ရာဇဂြိုဟ် သာဝတ္ထိ ကဲ့သို့သောမြို့ကြီးများအနီး၌ သာသနာတော်ကို
အားပေးချီးမြှောက်ကြသော ရှင်ဘုရားများ မိဖုရားများ သူဌေးသူကြွယ်
မြို့သူမြို့သားများ ဆောက်လုပ်လှူဒါန်းသော ကျောင်းအရာမ်များ၌သာ
သီတင်းသုံးတော်မူလေ့ရှိသည်။ မြို့နေလူစု အများစုအတွက်
ကောင်းကျိုးချမ်းသာကိုပြုသော အစအလယ်အဆုံး ကောင်းခြင်းသုံးပါးနှင့်
ပြည့်စုံသော မြတ်ဓမ္မကို ဟောကြားတော်မူသည်။ ဝါတွင်းကာလ ကုန်ဆုံးသည့်နောက်
မြို့ရွာနိဂုံးအနှံ့ ဓမ္မဒေသနာခရီးလှည့်လည်လျှက် လူ့လောကအကျိုးကို
အနားတမ်းဆောင်ရွက်တော်မူခဲ့သည်။
မြတ်ဗုဒ္ဓ၏
ဓမ္မလမ်းစဉ်ကို လျှောက်လှမ်းနေကြသည့် ရဟန်းတော်တို့သည်လည်း
လူသူဆိတ်သုဉ်းသည့် တောရိပ်မြိုင်တစ်ခုခုတွင်အမြဲနေပြီး
မိမိတို့ဘဝတစ်လျှောက်လုံး ဘယ်မှာကုန်ဆုံးကျော်လွန်နိုင်ကြမည်နည်း။
ထိုရဟန်းတော်တို့သည် လူ့လောကကြီးထဲမှာ ထဲထဲဝင်ဝင်နေပြီး
လူ့လောက၏ကောင်းကျိုးများကို ဓမ္မနည်းလမ်းဖြင့်
သည်ပိုးရွက်ဆောင်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ပေသည်။ယင်းရည်မှန်းချက်ကို
အစကနဦး ရဟန်း၆၀ တို့သည် ထားရှိခဲ့ကြပါသည်။ ယင်းရည်မှန်းချက်သည်
အနာဂတ်သာသနာပြုပုဂ္ဂိုလ်များအတွက် မီးရှူးတန်ဆောင်အလင်းရောင်ပင်ဖြစ်လေသည်။
ဝါတွင်းကာလ
ကုန်ဆုံးချိန်တွင် မြတ်ဗုဒ္ဓက ရဟန်း၆၀တို့အား သာသနာပြု
ဓမ္မခရီးဆက်ရန်မိန့်တော်မူသည်။ စရထ ဘိက္ခဝေ စာရိကံ- ရဟန်းတို့
ဓမ္မခရီးထွက်ချိန်တိုင်ပြီ။ မာ ဧကေန ဒွေ အဂမိတ္ထ- တစ်နေရာစီသွားကြ၊
တစ်နေရာတည်းကို ရဟန်း၂ပါး ၃ပါး ပေါင်းပြီးအတူမသွားကြနဲ့။ ဗဟုဇနဟိတာယ
ဗဟုဇနသုခါယ ဒေသေထ ဓမ္မံ- လူအပေါင်းစည်းပွားချမ်းသာဖို့ နေရာပေါင်းများစွာ
ဓမ္မရောင်ခြည်ထွန်းလင်းစေရန် လှည့်လည်တရားဟောကြ။ ယင်းလမ်းညွှန်ချက်သည်
ယနေ့တိုင်အောင်ပင် သာသနာပြုပုဂ္ဂိုလ်များအတွက်
အားပေးလှုံ့ဆော်မှုပင်ဖြစ်ခဲ့သည်။ ဤစကားတော်သည် သီတင်းကျွတ်နေ့မြတ်မှာ
မြတ်ဗုဒ္ဓ၏ မင်္ဂလာအပေါင်းနှင့်ခညောင်းပြီး အးပေးလှုံ့ဆော်မှုအပြည့်အဝရှိသည့်
မြင့်မြတ်သောသတိပေးစကား လမ်းညွှန်ချက်ပင်ဖြစ်တော့သည်။
အမှန်စင်စစ်အားဖြင့်
မြတ်ဗုဒ္ဓ၏လမ်းညွှန်ချက် တရားနည်းလမ်းကို အခြေခံလျက် မိမိတို့ကိုယ်တိုင်
ဒုက္ခမှလွတ်ငြိမ်းချမ်းသာမှု ဘဝလွတ်မြောက်မှုကို ရရှိထားသောပုဂ္ဂိုလ်တို့သည်
လူသားတို့၏အကျိုးကို ဆောင်ရွက်လိုသည့် ပရဟိတစိတ်ဓာတ် ကရုဏာတော်မြတ်ကို
ဘယ်မှာ ဥပေက္ခာပြုနိုင်ကြပါမည်နည်း။ မိမိတို့ကိုယ်တိုင်
လွတ်ငြိမ်းချမ်းသာအောင်လုပ်ပြီး လူသူကင်းရာ ဆိပ်ငြိမ်ရာအရပ်၌
ယင်းလွတ်ငြိမ်းချမ်းသာကို တစ်ကိုယ်တည်းခံစားရင်း
ကြွင်းကျန်သည့်ဘဝတစ်လျှောက်လုံး နေသွားဖို့ရန်မှာ မဖြစ်နိုင်ပေ။
မြတ်ဗုဒ္ဓကိုယ်တိုင်ပင် ယင်းကဲ့သို့ ပြုလုပ်တော်မမူခဲ့ပေ။
သမ္မာသမ္ဗောဓိဥာဏ်ကို ရရှိပြီး ရက်သတ္တပတ် ၇ ပတ်လောက်သာ
ဝိမုတ္တိသုခကိုခံစားတော်မူရင်း တစ်ပါးတည်းသီတင်းသုံးတော်မူခဲ့၏။
ထိုမှနောက်ပိုင်းကာလ၌ကား လောကလူသားတို့၏ ကောင်းကျိုးအတွက်
ဓမ္မခရီးလှည့်လည်တော်မူခဲ့၏။ ဓမ္မခရီးလှည့်လည်ရင်း
နောက်ဆုံးဘဝခရီးအချိန်ကလေးမှာပင် ရပ်နားသည်မရှိ
ဒုက္ခမျိုးစုံဖိစီးနှိပ်စက်ခံနေကြရသည့် သတ္တဝါတို့၏ ဒုက္ခအဝဝကို
ဖယ်ရှားပစ်နိုင်ရန် ဓမ္မရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့၏
တဆက်တည်းအတွေးတစ်ခု
စဉ်းစားမိသည်မှာ ယနေ့ခေတ် ပြည်ပနိုင်ငံများတွင်
ပညာသင်ကြားလျှက်ရှိကြကုန်သော မြန်မာနွယ်ဖွားရဟန်းတော်များသည်လည်း
မိမိတို့ပညာသင်ကြားခဲ့ရာ တက္ကသိုလ်လောက်တွင်သာ
ဘဝတစ်လျှောက်အချိန်မကုန်လွန်ဘဲ လူသားတို့၏ကောင်းကျိုးကိုဆောင်ရွက်လိုသည့်
ပရဟိတစိတ်ဓာတ်များဖြင့် လူ့လောကထဲတွင် ထဲထဲဝင်ဝင်ရှိပြီး တစ်ထောင့်တစ်နေရာက
ဗဟုဇနဟိတ ဗဟုဇနသုခ လောကလူသားတို့၏ ကောင်းကျိုးချမ်းသာအတွက်
ပါဝင်ကူညီဆောင်ရွက်ကြမည်ဟု ယုံကြည်ပါသည်။ မြတ်ဗုဒ္ဓချမှတ်ခဲ့သည့်
နည်းလမ်းအတိုင်း တရားရေအေးအမြိုက်ဆေးများကို တိုက်ကြွေးကြမည်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည်
ဂိုဏ်းအသီးသီးမှ၊ ဘာသာတရားအသီးသီးမှ၊ အယူအဆအသီးသီးမှ၊
အမျိုးဇာတ်အသီးသီးမှ၊ အလုပ်အကိုင် ရာထူးဌာနန္တရအသီးသီးမှ၊
မြို့ရွာအရပ်ဒေသအသီးသီးမှ ကွဲပြားခြားနားသော အလွှာပေါင်းစုံမှ ရောက်ရှိလာသော
လူသားများကို ခွဲခြားမှုမရှိဘဲ တရားရေအေးတိုက်ကြွေးတော်မူခဲ့သည်သာ။ ဥပမာ
မာဂဓတိုင်းဘုရင် ဗိမ္ဗိသာရ၊ ကောသလတိုင်းဘုရင် ပသေနဒီကောသလ တို့ကဲ့သို့သော
ရှင်ဘုရင်များ။ ခေမာမိဖုရား မလ္လိကာမိဖုရား သာမာဝတီမိဖုရားကဲ့သို့သော
မဟေသီမိဖုရားခေါင်ကြီးများ။ မဟာကပ္ပိန ပုက္ကုသာတိကဲ့သို့သော ရှင်ဘုရင်ဘဝမှ
ရဟန်းပြုလာသောပုဂ္ဂိုလ်များ၊ သီဟစစ်သူကြီး ဗန္ဓုလစစ်သူကြီးကဲ့သို့သော
စစ်သေနာပတိချုပ်ကြီးများ။ ကစ္စာယနကဲ့သို့သော ဘုရင့်ပုရောဟိတ်များ။
ဆရာဇီဝကကဲ့သို့သော ဘုရင့်သမားတော်ကြီးများ။ အရှင်သာရိပုတြာ
အရှင်မဟာမောဂ္ဂလာန်တို့ကဲ့သို့သော ဇာတ်မြင့်ပုဏ္ဏားများ။ အနာထပိဏ်သူဌေး
ဝိသာခါတို့ကဲ့သို့သော စေတနာရှင် သဒ္ဓါရှင်များ။ ခုဇုတ္တရာကဲ့သို့သော
ကျွန်မလေးများ။ ကုဌနူနာရောဂါသည် သုပ္ပဗုဒ္ဓကဲ့သို့သော ဘုန်းတောင်းယာစကာများ။
သုနိတကဲ့သို့သော ပန်းမှိုက်သွန် မစင်ဘင်ကျုံးသမားများ။ အမ္ဗပါလီ
သီရိမာတို့ကဲ့သို့သော ပြည့်တန်ဆာများ။ ဗာဟိယဒါရုစီရိယကဲ့သို့သော
ပရဗိုဇ်များ။ ဥရုဝေလကဿပကဲ့သို့သော ဆံကျစ်ရသေ့များ။ သီလဝကဲ့သို့သော
သူတော်ကောင်းများ။ အဂုင်္လိမာလ တမ္ဗဒါဌိကတို့ကဲ့သို့သော လူသတ်သမားများ
စသည်ဖြင့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား အမျိုးဇာတိ ရာထူးဌာနန္တရ အဆင့်တန်း
အနည်းငယ်မျှ မခွဲခြားပဲ တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့သည်။
မြတ်ဗုဒ္ဓထံရောက်ရှိလာကြကုန်သော အလွှာပေါင်းစုံမှ အမျိုးသမီး
အမျိုးသားအားလုံးတို့သည် မြတ်ဗုဒ္ဓ၏ မဂ္ဂင်ရှစ်ရပ်တရားများကို
အပြည့်အဝကျင့်ကြံလိုက်နာကာ မြတ်ဗုဒ္ဓ၏ဓမ္မရေလျဉ်တွင်
နစ်မြှပ်သက်ဝင်ကြလေတော့သတည်း။
No comments:
Post a Comment