ဒုတိယမြောက် ဂျွန်ပေါနှင့် ပတ်သက်လျှင် ပုပ်ရဟန်းမင်းကြီးဟု
ထင်မြင်ယူဆသူများ ရှိနိုင်ပါသည်။ သ၏ ပုပ်ရဟန်းမင်းသက်တမ်းအတွင်း အစဉ်အလာ
ရိုမန်ကက်သလစ်အယူကို ပြန်လည်ရှင်သန်စေခဲ့သူအဖြစ် မှတ်တမ်းတင်လိုကြမည့်
သူများလည်း ရှိပါလိမ့်မည်။ အစဉ်အလာ ရိုမန်ကက်သလစ်အယူက လစ်ဘရယ် သဘောဆောင်သော
ဖြစ်ထွန်းမှုအားလုံးကို ငြင်းပယ်သည်ဖြစ်ရာ ဒုတိယမြောက်ဂျွန်ပေါ၏အမည်မှာ
အတိတ် နှင့် ယှဉ်တွဲအမှတ်ရစရာလို ဖြစ်နေပါလိမ့်မည်။
ဖြစ်သင့်ဖြစ်ထိုက်ပါ၏လော…….။
မဖြစ်သင့် မဖြစ်ထိုက်ဟု ဆိုချင်သည်။ ဒုတိယမြောက် ဂျွန်ပေါအပေါ်မှာ ရင့်ကျက်ပြည့်စုံသော ကက်သလစ်တော်လှန်ရေးကြီးတစ်ရပ်ကို ဦးဆောင်ဆင်နွှဲခဲ့သောကြောင့် ဖြစ်ပါသည်။ သူသည် ကွန်ဆာ ဗေးတစ်ဝတ်ရုံ ခြုံထားသူ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့နှင့်တိုင် အပြောင်းအလဲများကို ကိုယ်စားပြုသူရဟန်း မင်းကြီး ဖြစ်သည်မှာ သေချာသည်။ အထူးသဖြင့် အလွန်တရာ နက်ရှိုင်းသိမ်မွေ့လှသော အပြောင်းအလဲကြီး နှစ် ရပ်ကို ပြီးပြည့်စုံခဲ့သူ ဖြစ်ပါသည်။ ဤသည်တို့မှာ စစ်နှင့်ပတ်သက်သော ကျောင်းတော်၏သဘောထားနှင့် ဂျူး လူမျိုးများနှင့် သက်ဆိုင်သော ကျောင်းတော်၏ဆက်ဆံရေးတို့ ဖြစ်ပါသည်။
အဆိုပါအပြောင်းအလဲနှစ်ခု ပေါင်းစည်းလိုက်ရာ ကျောင်းတော်သမိုင်းအတွက် အရေးကြီးလှသော တော်လှန်ရေးတစ်ရပ်မွေးဖွားလာတော့သည်။ ထို့ထက် နောင်အနာဂါတ်အပြောင်းအလဲများအတွက် အုတ်မြစ်ချ ပေးလိုက်သလိုလည်း ဖြစ်သွားတော့သည်။ ဤအုတ်မြစ်ပေါ်တွင် နောင်လူများက နောက်ထပ်တော်လှန်ရေး အဆင့်ဆင့် ဆင်နွှဲကြဦးမည်ဖြစ်ရာ အုတ်မြစ်ချခဲ့သူ မှန်းဆသည်ထက် လွန်ချင်လည်း လွန်သွားပါလိမ့်မည်။ မတတ်နိုင်..။ ဒုတိယမြောက်ဂျွန်ပေါမှာ သမိုင်းသဘောကို နှလုံးသွင်းနိုင်သူဖြစ်ပါသည်။
စင်စစ် ဆိုခဲ့ပါ အပြောင်းအလဲနှစ်ရပ်ကို စတင်ခဲ့သူမှာ ဒုတိယမြောက်ဂျွန်ပေါတော့လည်း မဟုတ်ပါ။ ဒုတိယဗာတီကန်ကောင်စီမှ ပုပ်ရဟန်းမင်းကြီး ဆဋ္ဌမမြောက်ပေါဖြစ်ပါသည်။ ၁၉၆၅ ခုနှစ်က ဗာတီကန်ကောင်စီ ၏ ကြေညာချက်တစ်ရပ် ထွက်လာသည်။ လူ့ဂုဏ်သိက္ခာ ဟု အမည်ရသည်။ ဘာသာရေးလွပ်လပ်ခွင့်ကို သောင်းတိုက်က ကြားစေလိုက်သည့် ကြေညာချက်ဖြစ်ပါသည်။ အမှန်တရားကို ကာကွယ်ရေးဟူသော ဆင်ခြေ ဖြင့် အင်အားသုံးနည်းနာများ အသုံးပြုနေကြသည်ကို ဗာတီကန်က စွန့်လွှတ်ပစ်လိုက်သည်။ ဤသည်ပင် ကြေ ညာချက်၏ ၀ိညာဉ်ဖြစ်လာတော့သည်။
ကွန်စတင်တိုင်းနှင့် သြဂတ်စတင်းတို့ ခေတ်လောက်ကတည်းက အသားကျနေခဲ့သော ဂေါ့ဒ်အလို တော်ကျစစ်ပွဲဆိုသည့် တရားတစ်ဖက်၊ ဓားတစ်ဖက်လမ်းစဉ်ကို မှောက်လှန်ပစ်လိုက်ခြင်း ဖြစ်တော့သည်။ ကြေ ညာချက်ထွက်ပြီး မရှေးမနှောင်းမှာပင် ဆဋ္ဌမမြောက်ပေါက ကုလသမဂ္ဂအထွေထွေညီလာခံသို့တက်ပြီး စစ်ကို မလိုပြီဟု ဧ၀ံဂေလိတရားသစ်ကို ဟောကြားလိုက်ရာ ငြိမ်းချမ်းရေးငတ်သော ကမ္ဘာ့လူထုက တက်ညီလက်ညီ အာမင် ကြသည်။ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်အာဘန်၏ ၁၀၉၅ ခုနှစ်က ခရူးဆိတ်စစ်မောင်းသံကို ပြောင်း ပြောင်တင်းတင်း ငြင်းဆန်လိုက်ခြင်း ဖြစ်တော့သည်။
ဆဋ္ဌမမြောက်ပေါ၏ ငြိမ်းချမ်းရေးမစ်ရှင်ကို ဒုတိယမြောက်ဂျွန်ပေါက လက်ဆင့်ကမ်း တာဝန်ယူခဲ့သည်။ ဒုတိယမြောက်ဂျွန်ပေါသည် ဆိုဗီယက်ကွန်မြူနစ်ဝါဒကို ခိုင်ခိုင်မာမာဆန့်ကျင်ခဲ့သူ ဖြစ်သည်။ သို့သော် အကြမ်း မဖက်ရေး အထိုင်ပေါ်မှ အန်တုခြင်းဖြစ်သည်။ ပိုလန်ခုံခံရေးလှုပ်ရှားမှုကိုလည်း ထင်ထင်ရှားရှား ထောက်ခံခဲ့သူ ဖြစ်သည်။ သို့သော် ကတ္တီပါနှလုံးသားဖြင့် ကြိုဆိုခြင်းဖြစ်သည်။ ဤအမွေကောင်းများကြောင့် ဇာတ်ထွက်ပိုင်း ၁၉၈၉ အရောက်တွင် သွေးထွက်သံယိုမှု မရှိဘဲ ဆိုဗီယက် သံကန့်လန့်ကာ ပြိုကျသွားခဲ့ခြင်း ဖြစ်နိုင်ပါသည်။ ကရင်မလင်ကျဆုံးခန်းတွင် ဒုတိယမြောက်ဂျွန်ပေါ၏ အခန်းကဏ္ဍမှာ ထိုက်ထိုက်တန်တန် တစ်နေရာ ထင်ကျန် ခဲ့ပြီး ဖြစ်ပါသည်။ သူ၏အဟိံသတရားက ဗော်ရှီဗစ်တို့၏ အကြမ်းဖက်တော်လှန်ရေးထက် အာနိသင်ထက် ကြောင်း ဖော်ပြချက်ဖြစ်တော့သည်။
ဤသို့ဖြင့် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဘာလင်တံတိုင်းကြီး ပြိုကျသွားသည်။ စစ်အေးတိုက်ပွဲ ဆုံးခန်း တိုင်ခဲ့သည်။ သို့သော် ဘာမျှမကြာလိုက်။ နောက်တစ်လ မရှိတရှိမှာပင် အမေရိက က စစ်အေးလွန်ခေတ် ပထမဆုံးစစ်ပွဲကို ဆင်နွှဲလိုက်သည်။ ပနားမားနိုင်ငံကို ၀င်တိုက်လိုက်ခြင်း ဖြစ်ပါသည်။ ဒုတိယမြောက်ဂျွန်ပေါက မဆိုင်မတွပင် ကြေငြာချက်ထုတ်ပြီး ရှုတ်ချကန့်ကွက်လိုက်သည်။ သူသည် လက်ဝဲ၊ လက်ယာမရွေး အကြမ်း ဖက် လက်နက်အားကိုးဝါဒကို စွဲစွဲမြဲမြဲ ဆန့်ကျင်သူဖြစ်သည်။ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲကို ဆန့်ကျင်သည်။ နေတိုး၏ ဆားဗီးယားလေကြောင်းတိုက်ပွဲကို ဆန့်ကျင်သည်။ အာဖဂန်နစ္စတန်စစ်ပွဲကို ဆန့်ကျင်သည်။ ၂၀၀၃ စစ်ပွဲကို ဆန့်ကျင်သည်။ ခရူးဆိတ်စိတ်ဓာတ်ဖြင့် အကြမ်းဖက်ဝါဒဆန့်ကျင်ရေးဆိုသည်ကိုလည်း ဆန့်ကျင် သည်။ သူသည် စစ်ပွဲအားလုံးကို ဆန့်ကျင်သူ ဖြစ်သည်။ ဗာတီကန်ခေါင်းလောင်းသံတွင် မည်သည့် အကြောင်း ပြချက်နှင့်မျှ စစ်ခရာသံမထွက်စေရ။ ငြိမ်းချမ်းရေးတေးသံသည်သာ ဂျွန်ပေါခေတ်ကျောင်းတော်၏ နိစ္စဓူဝဓမ္မ တေး ဖြစ်စေရမည်။ စစ်ကိုမလိုပြီ။
ဂျုးလူမျိုးများနှင့် ပတ်သက်သော ဒုတိယမြောက်အပြောင်းအလဲမှာလည်း ဒုတိယဗာတီကန်ကောင်စီမှ မြစ်ဖျားခံခဲ့ခြင်းဖြစ်သည်။ ၁၉၆၅ ခုနှစ်အတွင်းမှာပင် ဗာတီကန်မှ နောက်ထပ်ကြေညာချက်တစ်စောင် ထွက်လာ ပြန်သည်။ သင်ပုန်းချေကြေညာစာတမ်းဟု လူသိများသည်။ ဂျူးလူမျိုးများနှင့် ပတ်သက်သော ခရစ်တော်ကို သတ်ဖြတ်သူ ဆိုသည့် စွပ်စွဲချက်ကို အဆိုပါ ကြေညာချက်က ပယ်ဖျက်ပေးခဲ့သည်။ ခရစ်တော်ကို သေဒဏ်ချ ရန် တောင်းဆိုခဲ့ကြသည့်အတွက် ဂျူးတို့အပေါ် တင်ကျန်ရစ်ခဲ့သော အာဃာတကို မလိုလားအပ်သော အမုန်းမီး ပွားအဖြစ် ပြန်လည်ဆန်းစစ်လိုက်ခြင်း ဖြစ်သည်။ ဤအမုန်းမီးပွားကိုပင် ရည်ရွယ်ချက်ရှိရှိ လောင်မြိုက်စေပြီး ဟစ်တလာက ဂျူးလူမျိုးအပေါင်းကို မီးလောင်တိုက်သွင်းခဲ့ခြင်း ဖြစ်သည်။
ပိုလန်သား ဂျွန်ပေါမှာ ငယ်ရွယ်စဉ်ကပင် အော့စဝေါငရဲခန်းနှင့် ရင်းနှီးခဲ့ပြီးဖြစ်သည်။ ဂျူးတို့၏အတိဒုက္ခ ကို မေတ္တာဓာတ်ဖြင့် စာနာနိုင်ခဲ့သည်။ သို့ဖြင့် အမုန်းမီးပွားများကို ဓမ္မရေစင်ဖြင့် ငြိမ်းသတ်စေရေးမှာ သူ၏အိပ် မက်ဖြစ်ခဲ့သည်။ နောင် ပုပ်ရဟန်းမင်းကြီး ဖြစ်လာသောအခါ ဤအိပ်မက်သည်ပင် သူ၏မစ်ရှင်ဖြစ်လာသည်။ ခရစ်ယာန်ပညာရေးစာဆောင်များမှ ဂျူးဆန့်ကျင်ရေးများကို တတ်နိုင်သလောက် ဖယ်ရှားခဲ့သည်။ ဂျူးကျောင်း တော်များသို့ တရားဝင်လည်ပတ်ခဲ့သည်။ စစ်အတွင်းကကြုံခဲ့သော ဂျူးတို့၏အတိဒုက္ခကို ထာဝရသင်ခန်းစာ ဖြစ်စေခဲ့သည်။ ဂျူးတို့၏ အစ္စရေးနိုင်ငံထူထောင်ရေးလှုပ်ရှားမှုကို စာနာထောက်ခံပေးခဲ့သည်။ ၂၀၀၀ ခုနှစ် ဂျေရု ဆလင်ခရီးစဉ်တွင် ပို၍ရဲရင့်သော ခြေလှမ်းတစ်ခုကိုပင် လှမ်းပြခဲ့သည်။
ခေတ်ဟောင်း ခရစ်ယာန်အချို့က သိက္ခာချခဲ့ကြသော အစ္စရေးကျောင်းတော်၏အခန်းကို ပြန်လည်ဖော် ထုတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ယေရှုခရစ်က ကျောင်းတော်အသစ်ကို ကိုယ်စားပြုသူဖြစ်ရာ ဂျူးဘာသာရေးကို ခရစ်ယာန်ဖြင့် အစားထိုးရမည်ဆိုသော သမားရိုးကျအယူအဆကို ဆန့်ကျင်ရှုတ်ချခဲ့ပါသည်။ စင်စစ် ဤအပြုအ မူမှာ ဗဟုဘာသာရေးအခြေခံကို ကက်သလစ်အစဉ်အလာတွင် ရဲရဲဝံ့ဝံ့ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ မတူ သောဘာသာများကြား ငြိမ်းချမ်းချစ်ကြည်စွာ အတူယှဉ်တွဲ နေနိုင်ရေးအတွက် အုတ်မြစ်ချပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။
ရာစုသစ် လှည့်ပြောင်းချိန်သို့ ရောက်သောအခါ ဒုတိယမြောက်ဂျွန်ပေါက ခရစ်ယာန်တို့၏ ရာဇ၀င်တွင် ရစ်မည့် အမှားနှစ်ရပ်ကို ထုတ်ဖော်ဝန်ခံရင်း ၀မ်းနည်းစကားဆိုခဲ့သည်။ အမှန်တရားကာကွယ်ရေးဆိုသော အကြောင်းပြချက်ဖြင့် အင်အားသုံးအကြမ်းဖက်မှုနှင့် ဂျူးတို့အပေါ် နှိမ့်ချစော်ကားခဲ့သည်တို့ ဖြစ်သည်။ ဤနေရာ တွင် ပုပ်ရဟန်းမင်းကြီးမှာ ၀မ်းနည်းပါသည်ဆိုသော သံတမန်စကားမျှဖြင့် ၀တ်ကျေတမ်းကျေ တောင်းပန်ခဲ့ သည် မဟုတ်ပါ။ ယုံကြည်မှုအသစ်နှင့် ကျင့်ဝတ်အသစ်တို့ကို ထုတ်ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ အကြမ်းမဖက်ရေး ဆိုသော အဟိံသတရားနှင့် မတူသော ဘာသာတရားများအပေါ် လေးစားတန်ဖိုးထားရေးဆိုသော ခန္တီစတရား နှစ်ပါးဖြင့် ရိုမန်ကက်သလစ်ဘာသာကို ပိုမိုကြွယ်ဝစေခဲ့ခြင်း ဖြစ်ပါသည်။
ဤသည်ပင် ပုပ်ရဟန်းမင်းကြီး၏တော်လှန်ရေး ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ချန်ထားရစ်ခဲ့သော မွန် မြတ်လှသည့် အမွေလည်း ဖြစ်ပါသည်။ ပြောရလျှင် အစဉ်အလာ ကွန်ဆာဗေးတစ်အယူကို ဓမ္မရေစင်ဖြင့် သစ်လွင်စေလိုက်ခြင်း ဖြစ်တော့သည်။
စာညွှန်း - The Pope’s Ture Revolution. (By James Carroll)
( လူများ၊ အိုင်ဒီယာများ၊ နိုင်ငံများနှင့် ခေတ်ရေစီး၊ ကျော်ဝင်း-မှ ကူးယူဖော်ပြပါသည်။)

No comments:
Post a Comment