သီတဂူဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာ ပူဇော်လွာ
၁၃၇၂
ခုနှစ် တပေါင်းလပြည့်နေ့ (၁၉-၃-၂၀၁၁) နေ့တွင် သက်တော် (၇၄)
နှစ်ပြည့်တော်မူသည့် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်၏ အကျိုးကို စွမ်းစွမ်းတမံ
ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ၏ ၀ိဇာတ
မွေးနေ့မင်္ဂလာကို တပည့်တော် ရိုသေစွာ ရှိခိုးကန်တော့ ပူဇော်လိုက်ပါတယ်ဘုရား…
သီလဂုဏ်၊
သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော ဆရာတော်ကြီးအား
ဂုဏ်ပြုချီးကျူးရတာ တပည့်တော် အလွန်ဝမ်းသာ ပီတိဖြစ်ရပါတယ်။ ဆရာတော်ကြီး၏
ဂုဏ်ကျေးဇူးတွေကို တပည့်တော် စာတွေဘယ်လို သီကုံးဖွဲ့သီပါသော်လည်း
မှီနိုင်မည်မဟုတ်ပါ။
ဆရာတော်ကြီးသည် သီတဂူအဓိဋ္ဌာန် ဖြစ်သည့်
ငါတို့ ဖြစ်ရ၊ ဤလောက၀ယ်၊
ဘ၀သမိုင်း၊ မရိုင်းစေရန်၊
စိတ်မန်မချ၊ မာနမပါ၊
ဒို့ စွမ်းရာဖြင့်၊ ဒို့ သာသနာ၊
ဒို့ ပြည့်ရွာကို၊ သာယာစေမှု၊
လုလ္လပြုအံ့။ ဟုဆိုသည့်အတိုင်း ဆရာတော်ကြီး ဦးဆောင်လျှက်
၁။ စစ်ကိုင်းတောင်ရေအလှူတော်
၂။ သီတဂူအာယုဒါန၊ စက္ခုဒါန ဆေးရုံအလှူတော်
၃။
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အလှူ ဟူ၍ အဓိက စီမံကိန်းကြီး (၃) ရပ်ကို
ပင်မထားကာ ပြည်တွင်းပြည်ပ အလှူရှင်များ၏ ထောက်ပံလှူဒါန်းမှုဖြင့် ဘာဘာရေး၊
လူမှုကယ်ဆယ်ရေး နှင့် တခြားလူမှု အကျိုးပြုလုပ်ငန်းများကို မနားမနေ
အင်တိုက်အားတိုက် ဆောင်ရွက်တော်မူခဲ့ပါတယ်။ သာသနာတော်ကြီး အဓွန့်ရှည်
တည်တံခိုင်မြဲအောင်လည်း ပြည်တွင်း ပြည်ပ သာသနာပြု လုပ်ငန်းများကိုလည်း
ဆောင်ရွက်တော်မူခဲ့ပါတယ်။
ဓမ္မပဒပါဠိတော် တွင်-
အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။
ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။
တောင်ဇလပ်ပန်း
စန္ဒကူးပန်းတို့၏ အနံ့သည် အနည်းငယ်မျှသာ မွှေး၏။ သီလရှိသူတို့၏ သတင်း
အနံ့သည် ထူးကဲ လွန်မြတ်သည်ဖြစ်၍ နတ်ပြည် ဗြဟ္မပြည်အထိ ပျံ့နှံ့
ကြိုင်လှိုင်၏။
Faint is the fragrance of tagara and sandal, but excellent is the Fragrance of the virtuous, wafting even amongst the gods.
ဟု
ဆိုထားသည့်အတိုင်း ဆရာတော်ကြီး၏ ကြီးမားသည့် မေတ္တာကရုဏာ တရားတွေနဲ့
ဒုက္ခရောက်နေသူများကို ဒုက္ခဘေးမှ ကင်းဝေးအောင် ဆေးဝါကုသပေးခြင်း
ကျောင်းများကိုလည်း ၀ိရိယစွမ်းအားနဲ့ တည်ဆောက်ပေးခြင်းတို့ဖြင့် အမျိုး၊
ဘာသာ၊ သာသနာတော်အတွက် အားကြိုးမာန်တက် ဆောင်ရွက်ပေးနေသော မေတ္တာ
ကရုဏာတရားတွေသည် နေမင်းသည် နေ့အခါ အလင်းရောင်ပေးသကဲ့သို့ လပြည့်နေတွင်
ပြည့်ဝန်းနေသော လမင်းသည် ကောင်းကင်၌ တင့်တယ်နေသကဲ့သို့ သူတော်ကောင်းတို့၏
မွှေးပျံ့သော ရနံ့သည် အရပ်ဆယ်မျက်နှာလုံး ပိတ်ပင်တားဆီးလို့မရ
သင်းပျံ့မွှေးကြိုင်နေပြီး သီတဂူစန်းလပမာ ထွန်းလင်းတောက်ပလျှက် ရှိနေပါသည်။
ထိုကဲ့သို့
အမျိုး၊ ဘာသာ၊ သာသနာအတွက် မနေမနား ကြိုးပမ်းဆောင်ရွက်နေသော
ဆရာတော်ကြီးသည် ပန်းကလေးတွေကို ဖူးပွင့်လာအောင် ရေလောင်းပေါင်းသင်ပေးသော
ဥယျာဉ်မှူး တစ်ယောက်ကဲသို့ သာသနာတော်အတွက် အဖိုးထိုက်တန်သော သာသနာ
ဥယျာဉ်မှုးတို့ ဂုဏ်တို့နှင့် ပြည့်စုံတော်မူသော သာသနာ့
ဥယျဉ်မှုးပင်ဖြစ်ပေသည်။ ဆရာတော်ကြီး၏ သာသာနာပြုလုပ်ငန်းများ
အောင်မြင်မှုသည်လည်း အံမခန်း အောင်မြင်လျက်ရှိတာကို ဘုရားတပည့်တော်နှင့်တကွ
သာသနာကိုချစ် သာသနာကို တန်ဖိုးထားသူတိုင်း လေးစားကြည့်ညိုလျက်
ရှိပါတယ်ဘုရား။ တပည့်တော်တို့ ဒကာ၊ ဒကာမများအနေဖြင့်လည်း ဆရာအရှင်မြတ်၏
ကျေးဇူးဂုဏ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သိရှိ၍ သာသနာပြုလုပ်ငန်းများ
အစဉ်သဖြင့် တိုးတက်မြင့်မားနေအောင် လိုအပ်သမျှ ကိစ္စကြီးငယ်များအတွက်
ပူးပေါင်းလက်ဖြင့် ဆက်လက်ဆောင်ရွက်သွားခြင်းသည်သာ ဆရာအရှင်မြတ်၏ ဂုဏ်ကို
ပို၍ နက်ရှိုင်းစွာ ပူဇော်ရာ ရောက်မည် ဖြစ်ပါသည်။
ဆုံးမစာ
ဆရာတော်ကြီး ဟောကြားဆုံးမ လမ်းညွန်ပေးတဲ့ အဆုံးအမများစွာ ရှိသည့်အထဲမှ အဆုံးအမ အချို့ဖြစ်ပါတယ်ခင်ဗျာ။
နိဂုံးချုပ်အနေဖြင့် ဆရာတော် အရှင်ဇနကဘိဝံသ ၏
ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့
ခုလောက်ကျိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏
ရှေးခါဘိုးဘ လက်ထက်ကပင်၊
ရသည့်တန်ဖိုး ထပ်မညှိးဖို့
အားကျိုးမာန်တက် ငါဆောင်ရွက်သည်
ဆက်လက်တည်တံ့ပါစေသော်...
ဟူသည့်
လင်္ကာလေးအတိုင်း ဆရာတော်ကြီး ယခု သက်တော် (၇၄) နှစ်ပြည့်မှသည်
နောင်နှစ်ပေါင်းများစွာ အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို
ကျန်းမာချမ်းသာစွာဖြင့် မြန်မာမှာသာမက တကမ္ဘာလုံးတိုင်အောင် မြတ်ဗုဒ္ဓ၏
အေးမြသော ဓမ္မအလင်းရောင်များကို ပေးစွမ်းနိုင်ပါစေလို့ တပည့်တော် မွေးနေ့မှာ
ဆုတောင်းပေးလိုက်ပါတယ်ဘုရား။
ဆရာတော်ကြီး ကျန်းမာချမ်းသာစွာဖြင့် သာသနာ့အကျိုးကို ဒီထက်မက အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေ။
No comments:
Post a Comment